Homeပြည်တွင်းသတင်းUN Women အနေဖြင့် စစ်ကောင်စီအုပ်စုအား တရားဝင်မှုပေးသည့် လုပ်ရပ်များကိုချက်ချင်း ရပ်တန့်ရန် အရပ်ဖက်အဖွဲ့အစည်းတွေတောင်းဆို

UN Women အနေဖြင့် စစ်ကောင်စီအုပ်စုအား တရားဝင်မှုပေးသည့် လုပ်ရပ်များကိုချက်ချင်း ရပ်တန့်ရန် အရပ်ဖက်အဖွဲ့အစည်းတွေတောင်းဆို

၁၆ မတ် ၊ ၂၀၂၅

UN Women အနေဖြင့်စစ်ရာဇဝတ်မှု ကျူးလွန်ထားတဲ့ ရာဇဝတ်အုပ်စုအား တရားဝင်မှုပေးတဲ့ လုပ်ရပ်များကိုချက်ချင်း ရပ်တန့်ရန် အရပ်ဖက်အဖွဲ့အစည်းတွေက တောင်းဆိုလိုက်ပါတယ်။

ကုလသမဂ္ဂအမျိုးသမီးများအဖွဲ့ (UN Women) က တာဝန်ခံ Christine Arab သည် မကြာသေးမီက နေပြည်တော်မှာ အကြမ်းဖက် စစ်အုပ်စု အရာရှိများနှင့်တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂအမျိုးသမီးများအဖွဲ့ (UN Women)ဟာ မြန်မာနိုင်ငံရှိ အမျိုးသမီးများရဲ့ အခွင့်အရေးနှင့်လွတ်လပ်မှုများကို တိုးတက်ကောင်းမွန်စေရန် ရည်ရွယ်သည်ဟု ဆိုသော်လည်း လက်တွေ့မှာတော့

ရာဇဝတ်ကောင် စစ်အုပ်စုရဲ့ ဝါဒဖြန့်ချီရေးအတွက် အသုံးချခံသက်သက်သာဖြစ်တယ်လို့ သိရပါတယ်။

မတ် ၃ ရက်နေ့က စစ်ကောင်စီ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်ဟာ ဗန်ကောက်မြို့အခြေစိုက် ကုလသမဂ္ဂအမျိုးသမီးအဖွဲ့ (UN Women) ရုံး၏ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Ms. Christine Arab အား လက်ခံတွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ UN Women က ဆောင်ရွက်မယ့် လုပ်ငန်းများအပေါ် အမြင်ချင်း ဖလှယ်ခဲ့ပြီး၊ မြန်မာနိုင်ငံနှင့် UN Women တို့အကြား ပူးပေါင်းဆောင်ရွက်မှု ပိုမို မြှင့်တင်ရေးနှင့်စပ်လျဉ်းပြီး ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ထိုကဲ့သို့သော တွေ့ဆုံမှုများသည် မြန်မာပြည်သူများအတွက် ထိရောက်သောအပြောင်းအလဲများကို ဆောင်ကြဉ်းပေးရန်ထက်၊ နိုင်ငံတကာအဖွဲ့အစည်းဝန်ထမ်းများအတွက် လုပ်ငန်းဆောင်ရွက်ခွင့်နှင့် ဗီဇာရရှိရေးအတွက်ကိုသာ ပိုမိုအာရုံစိုက် လုပ်ကိုင်လေ့ရှိနေတယ်လို့‌ ဆိုပါတယ်။

ကုလသမဂ္ဂအနေနဲ့ အမှန်တကယ်ပြည်သူ‌တွေကို ကူညီချင်သည်ဆိုပါက ၄င်းတို့၏တည်ရှိမှု အထူးသဖြင့် ရန်ကုန် သို့မဟုတ် နေပြည်တော်မှလွဲ၍ အခြားဒေသများသို့ ထွက်ခွာလေ့ မရှိသော ၄င်းတို့၏အဖွဲ့ဝင်များ သည် မြန်မာနိုင်ငံအတွင်း ရှိနေရန် မလိုအပ်ဘူးလို့ သိရပါတယ်။

တချိန်တည်းမှာပင် စစ်အုပ်စုဟာ ရက်စက်ကြမ်းကြုတ်တဲ့ စစ်ဆင်ရေးများ၊ လေကြောင်းတိုက်ခိုက်မှုများနဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ ညှင်းပန်းနှိပ်စက်မှုနဲ့ မတရားဖမ်းဆီးထောင်ချမှုများ အပါအဝင် အမျိုးသမီးများအပေါ် ရည်ရွယ်ချက်ရှိရှိ စနစ်တကျ နှိပ်စက်၊ သတ်ဖြတ်၊ စော်ကားမှုများ ဆက်လက်ကျူးလွန်လျက်ရှိပါတယ်။

စစ်ရာဇဝတ်ဂိုဏ်းကို တရားဝင်မှုပေးရန် ကြိုးစားခြင်းထက်၊ စစ်အုပ်စုနှင့် မထိတွေ့သော မြန်မာပြည်သူများကို အမှန်တကယ်ထောက်ပံ့ပေးနိုင်တဲ့ အခြားနည်းလမ်းများကို ရွေးချယ်ဆောင်ရွက်နိုင်တယ်လို့ ဆိုပါတယ်။

ထို့ကြောင့် ရည်ရွယ်သည်ဖြစ်စေ မရည်ရွယ်သည်ဖြစ်စေ UN Women ရဲ့စစ်ကောင်စီနဲ့ပူးပေါင်းဆောင်ရွက်မှုတွေဟာ အမျိုးသမီးတွေကို အမှန်တကယ် ကောင်းကျိုးပြုရမည့်အစား၊ စစ်အုပ်စုအား မှားယွင်းသော တရားဝင်မှုကို ပေးနေခြင်းဖြစ်ကာ၊ ၎င်းတို့၏ပုံရိပ်ကို ပိုမိုအားကောင်းစေရန် ကူညီပေးနေခြင်းသာ ဖြစ်စေတယ်လို့ အရပ်ဖက်အဖွဲ့အစည်းတွေကဆိုပါတယ်။

UN Women အနေနဲ့ ယခုကဲ့သို့သော တွေ့ဆုံမှုမျိုး နောက်ထပ်လုံးဝ မရှိသင့်တော့သလို မြန်မာအမျိုးသမီးများနှင့် ခိုင်မြဲစွာရပ်တည်ပေးရမယ်လို့ဆိုပါတယ်။

မည်သည့် နိုင်ငံတကာအဖွဲ့အစည်းကိုမျှ အကြမ်းဖက်စစ်အုပ်စုရဲ့ဝါဒဖြန့်ချီရေးယန္တရားထဲမှ အစိတ်အပိုင်းတစ်ခု ဖြစ်မလာစေရန် တာဝန်ယူတာဝန်ခံမှုများ သေချာစေရန်အတွက် အတူတကွတောင်းဆိုကြရန်တိုက်တွန်းထားပါတယ်။

ဆက်စပ် သတင်းများ

Most read