Homeပြည်တွင်းသတင်းတရုတ်ရဲ့ ခြိမ်းခြောက်မှုကို ခံနေရတယ်လို့ TNLA ပြော

တရုတ်ရဲ့ ခြိမ်းခြောက်မှုကို ခံနေရတယ်လို့ TNLA ပြော

မေ၊ ၂၀၂၅

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ကို တရုတ်အစိုးရက နေ ခြိမ်းခြောက်မှုနဲ့ ဖိအားပေးမှုတွေ ရှိတယ်လို့ PSLF/TNLA တွဲဖက်အထွေထွေအတွင်းရေးမှူး ၂ ဗိုလ်မှူးကြီး တားပန်လက ပြောပါတယ်။

ဒီနေ့ မေလ ၄ ရက်မှာ Online က တဆင့်ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူက အခုလိုပြောကြားလိုက်တာဖြစ်ပါတယ်။

“ခြိမ်းခြောက်မှုတွေရှိသလားဆိုရင် ရှိတယ်လို့ပြောရမယ်ထင်ပါတယ်။ ဟိုတလောတုန်းက ရွှေလီီအစိုးရကနေပြီးတော့မှ ကျွန်တော်တို့ကိုပေးပို့တဲ့စာ ကလည်းအားလုံးမှတ်မိကြလိမ့်မယ်လို့ထင်ပါတယ်။ အဲ့တာတင်မကပါဘူး။ နှုတ်နဲ့ရော အခြားနည်းလမ်းကြောင်းနဲ့ရော ပုံမှန် ခြိမ်းခြောက်မှုဆိုတာထက် ဖိအားပေးမှုတွေပေါ့နော် ပုံမှန်တော့ရှိနေပါတယ်။”လို့ ဗိုလ်မှူးကြီး တားပန်လက ပြောပါတယ်။

မြန်မာတအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်လို့ လိပ်မူပြီး ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက် ရက်စွဲနဲ့ ရွှေလီမြို့အမျိုးသားလုံခြုံရေးကော်မတီက စစ်ရေးလေ့ကျင့်မှု အကြောင်းကြား ကြော်ငြာချက်လို့ ခေါင်းစဉ်တပ်ထားတဲ့ သတိပေး ခြိမ်းခြောက်စာတစောင် ပေးပို့ခဲ့ဖူးပါတယ်။

စာပါအချက်အလက်တွေအရ ကြောက်ရွံ့ကျိုးနွံနဲ့ ဆုံးမသွန်သင်နည်းလမ်းများကို ပိုမို လုပ်ဆောင် မည်ဆိုတဲ့ အသုံးအနှုန်းတွေကို တွေ့ရပါတယ်။

ဒါ့အပြင် ၁၀၂၇ စစ်ဆင်ရေး ဟာ တရုတ်နိုင်ငံက မီးစိမ်းပြလို့လုပ်တာမဟုတ်ဘူးလို့လည်း သူက ပြောခဲ့ပါတယ်။

“တရုတ်နိုင်ငံရဲ့ ချည်းကပ်မှုကတော့ တရုတ်မြန်မာနယ်စပ်မှာ တိုက်ပွဲတွေ မဖော်ဆောင်ရဘူး၊ တိုက်ပွဲလုပ်လို့မရဘူး၊ ပြီးတော့ သူ့ရဲ့ပိုက်လိုင်းတလျောက်ပေါ့နော် ဂတ်စ်ပိုက်လိုင်းတလျောက် တိုက်ပွဲ မလုပ်ရဘူး၊ တိုက်ပွဲမဖြစ်ရဘူး၊ အဲ့တာတင်မကဘူး သူ့ရဲအကျိုးစီးပွားတွေ ရှိတဲ့နေရာ၊ စက်ရုံတွေ ရှိတဲ့နေရာ အဲဒါမျိုးတွေမှာ တိုက်ပွဲမလုပ်ရဘူး၊ တောက်လျောက် နှစ် ၁၀ နဲ့ချီပြီး တောက်လျောက် ပုံမှန်အမြဲတမ်း လူကိုယ်တိုင်လည်း လူကိုယ်တိုင်လည်းပြောတယ်၊ Message နဲ့လည်းလှမ်းပေးတယ်။ အမြဲတမ်းတောက်လျောက်တိုက်ပွဲမဖြစ်ပွားဖို့ ပြောခဲ့တယ်ဆိုတော့ အဲ့လိုပြောခဲ့တဲ့ နိုင်ငံက မီးစိမ်းပြခဲ့တယ်ဆိုတော့ ဖြစ်နိုင်ချေလည်းမရှိပါဘူး။ ရှိလည်းမရှိဘူးလို့ ကျွန်တော်တို့ သိရပါတယ်။”လို့ ဗိုလ်မှူးကြီး တားပန်လကပြောပါတယ်။

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLFရဲ့ ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားဦးဆောင်တဲ့ ကိုယ်စားလှယ်တွေနဲ့ စစ်ကောင်စီရဲ့ ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦး ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တို့ အပစ်အခတ်ရပ်စဲနိုင်ရေး တရုတ်နိုင်ငံ ကူမင်းမြို့မှာ ဧပြီ ၂၈ ရက်နဲ့ ၂၉ ရက်က ဆွေးနွေးခဲ့ကြပါတယ်။

ဆွေးနွေးပွဲမှာ စစ်ကောင်စီက TNLA သိမ်းယူထားတဲ့ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ် စတဲ့ ဒေသတွေကနေ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖြစ်တဲ့ နမ့်ဆန်နှင့် မန်တုံမြို့နယ်အထိ တအာင်းတပ်မတော် TNLA တပ်ဖွဲ့တွေ အားလုံးကို ပြန်လည်ဆုတ်ခွာဖို့ တောင်းဆိုချက်ကို PSLF/TNLA က သဘောမတူခဲ့ဘူးလို့ TNLA က ပြောပါတယ်။

နှစ်ဖက်အပြန်အလှန်ဆွေးနွေးမှု ထပ်ဆင့်မတိုးနိုင်သေးဘဲ နှစ်ဖက်အပစ်အခတ်ရပ်စဲနိုင်ရေးအတွက် လာမယ့် ဩဂုတ်လမှာ ထပ်မံတွေ့ဆုံံံံံဖို့ သဘောတူခဲ့ကြလို့ သိရပါတယ်။

ဆက်စပ် သတင်းများ

Most read