Homeပြည်တွင်းသတင်းTNLA ထိမ်းချုပ်ထားတဲ့ မိုးကုတ်မြို့မှာ စတားလင့်ဆက်သွယ်ရေးကို တစ်ဦးတည်းလုပ်ကိုင်ခွင့်ရပြီး ပြည်သူတွေ တစ်နာရီ ၅၀၀၀ ပေးပြီးသုံးနေရ

TNLA ထိမ်းချုပ်ထားတဲ့ မိုးကုတ်မြို့မှာ စတားလင့်ဆက်သွယ်ရေးကို တစ်ဦးတည်းလုပ်ကိုင်ခွင့်ရပြီး ပြည်သူတွေ တစ်နာရီ ၅၀၀၀ ပေးပြီးသုံးနေရ

၂ စက်တင်ဘာ၊ ၂၀၂၄

မန္တလေးတိုင်း၊ မိုးကုတ်မြို့ မှာ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ အဆင်မပြေ ဖြစ်နေဆဲ ဖြစ်ပြီး စတားလင့်ဆက်သွယ်ရေးကို မိုးကုတ်မြို့ စီမံအုပ်ချုပ်ရေးကော်မတီနဲ့ နီးစပ်သူတစ်ဦးက လုပ်ကိုင် ခွင့်ရပြီး တစ်နာရီကို ၅၀၀၀ ကျပ်နှုန်းနဲ့ ပြန်ပြီး မျှသုံးနေတယ်လို့ သိရပါတယ်။

ဒေသခံတွေက စတားလင့်စက်တွေ တင်သွင်းချင်ပေမဲ့ TNLA က လုံခြုံရေးအရဆိုတဲ့ အကြောင်း ပြချက်နဲ့ စက်တွေ အသွင်းမခံဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

မိုးကုတ်မြို့မှာ လူမှုရေးအသင်းအဖွဲ့တစ်ခုက စတားလင့်ဆက်သွယ်ရေးစက် ၃ လုံးမှာယူထားပြီး ဒေသခံ အုပ်ချုပ်ရေးတပ်ကို တင်ပြခဲ့ပါတယ်။

ခွင့်ပြုတဲ့အတွက် နောက်ထပ် ၃ လုံး ထပ်မံမှာယူပြီး စက် ၆ လုံးတင်သွင်းဖို့ လုပ်ခဲ့ပေမဲ့ အုပ်ချုပ်ရေး တပ်ဘက်က စကားပြင်ဆင်ပြီး စက်တွေကို လုံခြုံရေးအရ တင်သွင်းခွင့်မပြုနိုင်တော့ကြောင်း အကြောင်းပြန်လာတယ်လို့ ဆိုပါတယ်။

“တခြားအဖွဲ့တစ်ခုကလည်း စက်တွေကို သွင်းပြီး လူမှုရေးအသင်းအဖွဲ့တွေကိုလှူမယ်။ တစ်နာရီကို ၁၅၀၀ ၊ ၂၀၀၀ လောက်ကောက်ပြီး သုံးစွဲခနဲ့ ကုန်ကျစရိတ်နှုတ်ပြီး ပိုတာတွေကို တော်လှန်ရေးဘက်ကို ပြန်လှူမယ်ပြောပေမဲ့ စက်တွေ သွင်းလို့ မရဘူးလို့ သိရတယ်။ သွင်းလို့ရတဲ့သူကတော့ တစ်နာရီ ၅၀၀၀ နဲ့ပေးသုံးနေတယ်။ သူကျဘယ်လိုသွင်းလို့ရလဲမသိဘူးပေါ့နော်” လို့ ဒေသခံတစ်ဦးက New Day Myanmar ကို ပြောပါတယ်။

ဒေသခံတွေ တင်သွင်းဖို့ ကြိုးစားတာကို လက်မခံဘဲ ၃ ရက်မြောက်မှာ အုပ်ချုပ်ရေးတပ်တွေဆီက တစ်ဦးတည်းလုပ်ပိုင်ခွင့်ရတဲ့လုပ်ငန်းရှင်တစ်ဦးက စတားလင့်ဆက်သွယ်ရေးစက်တွေနဲ့ အသုံးပြုခ တစ်နာရီ ၅၀၀၀ ကောက်ခံပြီး မျှဝေသုံးစွဲစေတာ တစ်ရက်ထဲနဲ့ သိန်း ၃၀ ရခဲ့တယ်လို့ မိုးကုတ်မြို့ လူမှုကွန်ယက်စာမျက်မှာတွေမှာ တင်ထားပါတယ်။

မိုးကုတ်မြို့မှာ လက်ရှိ အင်တာနက်သုံးချင်ရင် မြို့ပြင်တောထဲကို ထွက်သုံးလို့တော့ ရနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြို့တွင်းမှာတော့ ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ သုံးစွဲလို့မရသေးဘဲ မြို့တွင်းမှာတော့ cdma 450mhz နဲ့ 800 mhz ဖြစ်တဲ့ ၀၉-၄၇ ၊ ၀၉-၇၃ နဲ့စတဲ့ဖုန်းဆင်းကတ်တွေဟာ Handset အပါ ၈သိန်းခွဲအထိပေးဝယ်နေရပါတယ်။

“မြို့ထဲမှာ လိုင်းမရဘူး၊ မြို့ပြင်ထွက်သုံးရင်တော့ ရတယ်၊ တစ်နာရီ ၅၀၀၀ အကုန်ခံသုံးမလား ဆိုင်ကယ်ဆီဖိုးအကုန်ခံပြီး မြို့ပြင်ထွက်မလား ပဲ ရွေးစရာရှိတယ်၊ မိုးကုတ်က လူကြီးပိုင်းတွေပဲ ကျန်ခဲ့တဲ့မိသားစုတွေကတော့ အရင်ခေတ်ကလို လိုင်းမိတဲ့အိမ်ကို ဖုန်းဆက်၊ သူတို့က သွားခေါ်ထား ၁၀မိနစ်လောက်နေမှ ပြန်ခေါ်ရတာပေါ့”လို့ မိသားစုတွေ မိုးကုတ်မှာ ကျန်ခဲ့သူတစ်ဦးက New Day Myanmar ကို ပြောပါတယ်။

မိုးကုတ်နဲ့အလားတူ တိုင်းရင်းသားတော်လှန်ရေးတပ်တွေ အဓိက ချုပ်ကိုင်နေတဲ့ လားရှိုးမြို့မှာတော့ ဖုန်းလိုင်းနဲ့အင်တာနက်လိုင်းတွေ ပြတ်တောက်နေပေမဲ့ MNDAA တပ်က ဦးစီးပြီး မြို့အုပ်ချုပ်ရေး ကော်မတီက အင်တာနက်လိုင်းတွေ အခမဲ့ပေးသုံးနေတယ်လို့ သိရပါတယ်။

ပုံစာ- (လားရှိုးမြို့မှာ MNDAA တပ်က အင်တာနက်အခမဲ့မျှဝေသုံးစွဲနေစဉ်)

Photo – MNDAA

ဆက်စပ် သတင်းများ

Most read