၁၀ ဖေဖေါ်ဝါရီ၊၂၀၂၅
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့အဝင်မုခ်ဦးမှာရေးဆွဲထားတဲ့ ရှမ်းပြည်နယ်ကိုယ်စားပြု အမှတ်သရုပ်ကို ပလောင်လူမျိုးအမှတ်သရုပ်နဲ့ အစားထိုးပြောင်းလဲလုပ်ဆောင်နေတဲ့ TNLAရဲ့ လုပ်ရပ်ကို အပြင်းအထန်ကန့် ကွက်တယ်လို့ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (SSJAC) က ဒီကနေ့မှာ ထုတ်ပြန်အသိပေးလာပါတယ်။
TNLA အနေနဲ့ ပြီးခဲ့တဲ့နှစ်တွေမှာလည်း ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းက ကွက်ခိုင်နဲ့ နမ္မတူမြို့နယ်တွေအတွင်းမှာ အလားတူလုပ်ရပ်တွေလုပ်ဆောင်ခဲ့သလို မူဆယ်မြို့နယ်၊စယ်လန့်ရွာရှိ ရှမ်းလူမျိုးတွေ အမြတ်တနိုး ထိန်းသိမ်းထားတဲ့ စပ်ဆေခန်ဖ ရဲ့ နန်းမြို့ရိုးဟောင်းကိုလည်း ၂၀၂၃ ခုနှစ် ဩဂုတ်လအတွင်း ဘူဒိုဇာနဲ့ ဖျက်ဆီး ခဲ့ပြီးဖြစ်တယ်လို့လည်း ဆိုပါတယ်။
TNLA ရဲ့ ဒီလိုလုပ်ဆောင်မှုတွေဟာ ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းမှာရှိတဲ့ ဒေသခံလူထုရဲ့ သဘောထားကို မထီမဲမြင်ပြုလုပ်နေကြာင်း၊လူထုရဲ့ ဆန္ဒကို အလေးမထားပဲ မိမိတို့အဖွဲ့တစ်ခုတည်းအတွက် ဆောင်ရွက်နေတာ တွေဟာ ဒီမိုကရေစီရဲ့ အနှစ်သာရနဲ့ လက်ရှိတော်လှန်ရေးရဲ့ ဦးတည်ချက်တွေနဲ့လည်း ဆန့်ကျင်ကွဲ လွဲနေတာ ကြောင့် TNLA ရဲ့ လုပ်ရပ်ကို အပြင်းအထန်ကန့်ကွက်တယ်လို့ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (SSJAC) ဆိုပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၇ ရက်မှာ သီပေါမြိုအဝင် မုဒ်ဦးမှာပါရှိတဲ့ ရှမ်းပြည်အလံ၊ ရှမ်းစာသားနဲ့ အင်္ဂလိပ် စာသားကို ဖြုတ်ပြီး တအာင်းအလံ အရောင်ပြောင်းထားတဲ့ ပုံတွေ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံပြီးနောက် ရှမ်းအရပ်ဖက်အဖွဲ့တွေကလည်း TNLA ရဲ့ လုပ်ရပ်အပေါ် ကန့်ကွက်ကြောင်း စာတွေ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
လက်ရှိမှာ သီပေါမုဒ်ဦးကို ပြောင်းလဲလိုက်တဲ့အပေါ် ဝေဖန်မှုရှိပြီးနောက်ပိုင်း TNLA ဘက်က ဗဟိုကတော့ ဒီလိုမျိုး လုပ်ဆောင်ဖို ညွှန်ကြားထားတာမရှိကြောင်းနဲ့ လက်ရှိမှာ မူလအရောင်ကို ပြန်လည်ပြုပြင်နေတယ်လို့ TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ဒေသတွင်းမီဒီယာတွေကို ဒီကနေ့မှာပဲဖြေဆိုထားပါတယ်။
Photo – PSLF/TNLA