ရရှိထားတဲ့ ထိန်းချုပ်နယ်မြေတွေကို ဆက်လက်ကာကွယ် ထိန်းသိမ်းနိုင်ရေးအတွက် မိတ်ဖက် တော်လှန်ရေးအင်အားစုတွေနဲ့လက်တွဲပြီး ကိုယ်စွမ်းရှိသမျှ ဉာဏ်စွမ်းရှိသမျှ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ဗဟိုဦးဆောင်ကော်မတီက အောက်တိုဘာ ၂၉ ရက်မှာ ကြေညာလာပါတယ်။
တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်ညှိနှိုင်းမှုကြောင့် စစ်ကော်မရှင်နဲ့ TNLA တို့အကြား သဘောတူညီချက်ရတာကြောင့် မိုးကုတ်နဲ့ မိုးမိတ်မြို့နယ်တွေကနေ တအာင်းတပ်မတော် (TNLA) ပြန်လည်ဆုတ်ခွာတော့မှာဖြစ်တယ်လို့ (TNLA) ကပြောအပြီးမှာပဲ အခုလို ထုတ်ပြန်လာတာဖြစ်ပါတယ်။
မိုးကုတ်နဲ့ မိုးမိတ်မြို့နယ်ဟာ တအာင်းတပ်မတော် (TNLA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တွေ ပူးပေါင်းထိန်းချုပ်တဲ့ နေရာဖြစ်တာကြောင့် အခုလို စစ်ကော်မရှင်နဲ့ သဘောတူညီမှုအပေါ် (PDF) တွေက တုန့်ပြန်လာတယ်လို့ ယူဆရပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ဟာ အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာန ၊ စစ်ရုံးချုပ်ရဲ့ အမိန့်ပေးကွပ်ကဲမှုအောက်မှာ တည်ရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့ဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီရရှိရေးနှင့် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းနိုင်ရေးတို့အတွက် တစိုက်မတ်မတ် တိုက်ပွဲဝင်လျှက်ရှိပြီး လက်ရှိကာလတွေမှာများတွင် တိုင်းရင်းသားမဟာမိတ်အဖွဲ့အစည်းတွေရဲ့ ပံ့ပိုးကူညီမှု ၊ မိတ်ဖက် နွေဦးတော်လှန်ရေးအင်အားစုတွေရဲ့ ပူးပေါင်းလက်တွဲမှု ၊ တပ်ဖွဲ့ဝင်ပေါင်းများစွာရဲ့ စွန့်လွှတ်ပေးဆပ်မှုတွေနဲ့ အတူ မန္တလေးဒေသအတွင်းက နယ်မြေအချို့ကို ထိန်းချုပ်စိုးမိုးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါအပြင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ဟာ ဘယ်လောက်ပဲ ကြီးမားတဲ့ အခက်အခဲ တွေရှိစေလည်း စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချေမှုန်းရေးတိုက်ပွဲများကို ဆထက်ထမ်းပိုး ဦးလည်မသုန် ဆက်လက်ဖော်ဆောင်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဓါတ်ပုံ – ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)


