Homeပြည်တွင်းသတင်းတရုတ်နဲ့ ရေနံ၊ သဘာ၀ဓာတ်ငွေ့ စီမံကိန်းတွေ ပူးပေါင်းဆောင်ရွက်ဖို့ စစ်ကောင်စီဆွေးနွေး

တရုတ်နဲ့ ရေနံ၊ သဘာ၀ဓာတ်ငွေ့ စီမံကိန်းတွေ ပူးပေါင်းဆောင်ရွက်ဖို့ စစ်ကောင်စီဆွေးနွေး

၁၄ နိုဝင်ဘာ၊ ၂၀၂၄

နိုဝင်ဘာလ ၁၁ ရက်က တရုတ်နိုင်ငံ၊ပေကျင်းမြို့မှာ စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့နဲ့ တရုတ်အစိုးရပိုင် ရေနံကုမ္ပဏီအကြီးအကဲတွေ တွေ့ဆုံပြီး ရေနံနဲ့ သဘာ၀ဓာတ်ငွေ့ကဏ္ဍ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုအတွက် ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီဝါဒဖြန့်သတင်းစာတွေမှာ နိုဝင်ဘာ ၁၄ ရက်က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီရဲ့ စွမ်းအင်ဝန်ကြီး ဦးကိုကိုလွင် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ တရုတ်အစိုးရပိုင်ရေနံကုမ္ပဏီ China National Petroleum Corporation (CNPC) ရဲ့ ဥက္ကဋ္ဌ ဦးဆောင်တဲ့အဖွဲ့တို့ တွေ့ဆုံဆွေးနွေးတယ်လို့ ဖော်ပြပါတယ်။

ဆွေးနွေးပွဲမှာ စွမ်းအင်ကဏ္ဍ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ ရေနံချက်စက်ရုံတွေ အဆင့်မြှင့်တင်ရေး၊ အသစ်တိုးချဲ့တည်ဆောက်ရေးအပါအဝင် နှစ်နိုင်ငံလိုအပ်ချက်ရှိနေတဲ့ သဘာ၀ဓာတ်ငွေ့ကို မျှဝေသုံးစွဲနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်းမှာ နိုင်ငံတကာစွမ်းအင်ကုမ္ပဏီတွေဖြစ်တဲ့ ထိုင်းအခြေစိုက် PTTEP၊ မလေးရှား Petronas နဲ့ ဂျပန် Eneos ကုမ္ပဏီတို့ဟာ မုတ္တမ ပင်လယ်ကွေ့ရှိ ရဲတံခွန် ရေနံနဲ့ သဘာဝဓာတ်ငွေ့စီမံကိန်းကနေ ၂၀၂၂ ခုနှစ်မှာ လုပ်ငန်းတွေ ပြန်ရုပ်သိမ်းခဲ့ပါတယ်။

ရခိုင်ဒေသ ကျောက်ဖြူကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ်အထိ တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက် လည်ပတ်ခဲ့တာ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်နေ့က ၁၀ နှစ်ပြည့်ခဲ့ပြီဖြစ်ပြီး သဘာဝဓာတ်ငွေ့ ၅၂ ဘီလီယံ ကုဗမီတာခန့် ပို့ဆောင်နိုင်ခဲ့ကြောင်း တရုတ်ကွန်မြူနစ်ပါတီပိုင် Global Times သတင်း က ၂၀၂၃ ခုနှစ်က ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်မှာ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုစီမံကိန်း ၁၁ ခုရှိတဲ့အထဲက စီမံကိန်း ၉ ခုအထိကို အာရက္ခတပ် တော်(AA)က တစိတ်တပိုင်း ထိန်းချုပ်ထားပြီးကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) က ပြီးခဲ့တဲ့ ဩဂုတ်လက ထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ်က စီးပွားရေးလုပ်ငန်းရှင်တွေကတော့ “တရုတ်ရင်းနှီးမြုပ်နှံမှုတွေအတွက် စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်တာဟာ ရေရှည်မှာ အဆင်မပြေနိုင်တော့ဘူး၊ ရခိုင်ပြည်နယ်မှာ ဆိုရင်လည်း အာရက္ခတပ်တော် AA ထိမ်းချုပ်ထားတဲ့နေရာတွေမှာ တရုပ်လုပ်ငန်းတွေရှိနေတယ်။ တရုတ်အနေနဲ့ တရုတ်လုပ်ငန်းတွေကို ကာကွယ်ချင်တယ်ဆိုရင် တော်လှန်တပ်တွေနဲ့ ပူးပေါင်းတာ အနာဂတ်အတွက် အကောင်းဆုံးဖြစ်နိုင်ပါတယ်။”လို့ New Day Myanmar ကိုပြောပါတယ်။

Photo – MITV

ဆက်စပ် သတင်းများ

Most read