၄ ဇန်ဝါရီ၊၂၀၂၅
ပြည်ပနိုင်ငံတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်ဒေသတွေမှာ အကြောင်းအမျိုးမျိုးကြောင့် တိမ်းရှောင်နေတဲ့ မြန်မာပြည်သူတွေအနေနဲ့ ပြန်လာတယ်လို့ စစ်ကောင်စီက ဇန်နဝါရီလ ၃ ရက်နေ့က ထုတ်ပြန်ပါတယ်။
စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်း ကျောင်းသားကျောင်းသူတွေ၊ လူငယ်လူရွယ်တွေနဲ့ နိုင်ငံ့ဝန်ထမ်းစတဲ့ မြန်မာနိုင်ငံသားတွေဟာ တိုင်းရင်းသားလက်နက်ကိုင်တွေ ရှိတဲ့ နေရာ တွေနဲ့ ပြည်ပနိုင်ငံတွေကို စိုးရိမ်စိတ်နဲ့ တိမ်းရှောင်သွားကြတယ်လို့ စစ်ကောင်စီကဆိုပါတယ်။
စစ်တပ်အာဏာ သိမ်းယူထားတဲ့အချိန်အတွင်း လူသတ်မှု၊ လုယက်မှု၊ မီးရှို့မှု၊ မိုင်း ဖောက်ခွဲမှု၊ လုံခြုံရေးတပ်ဖွဲ့ ဝင်တွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှု၊ ပြည်သူ့ဝန်ထမ်းတွေနဲ့ ပြည်သူအချို့ကို အုပ်စုဖွဲ့ကိုယ်ထိ လက်ရောက် တိုက်ခိုက်မှု၊ အစိုးရပိုင်အဆောက်အဦတွေနဲ့ ပုဂ္ဂလိကပိုင်အဆောက်အဦတွေကို ဖျက်ဆီးမှု၊ တော်လှန်ရေး အဖွဲ့ အစည်းတွေရဲ့ လက်နက်ကိုင်လှုပ်ရှားမှုတွေမှာ ငွေကြေးအရဖြစ်စေ၊ အခြားနည်းလမ်းနဲ့ ဖြစ်စေ၊ နက်ရှိုင်းစွာ ကာယကံမြောက် ပါဝင်သူတွေကလွဲလို့ စိုးရိမ်စိတ်ကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ နယ်ပယ်အသီးသီးက နိုင်ငံသားတွေကို သက်ညှာပြီး စဉ်းစားပေးသွားမယ်လို့ စစ်ကောင်စီက ဆိုပါတယ်။
ပြစ်မှုကျူးလွန်ထားသူတွေကလွဲပြီး စိုးရိမ်စိတ်ကြောင့် တိမ်းရှောင်နေရသူတွေအနေနဲ့ ကိုယ်ပိုင်စိတ်ဆန္ဒအရ မြန်မာနိုင်ငံ မိမိနေရပ်ကို ပြန်လည်ဝင်ရောက်ချင်တယ်ဆိုရင် နီးစပ်ရာ ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်၊ ခရိုင်စီမံအုပ် ချုပ်ရေးကောင်စီတွေကို ဆက်သွယ်နိုင်သလို ပြည်ပရောက်သူတွေကတော့ သက်ဆိုင်ရာသံရုံး၊ စစ်သံရုံး၊ ကောင်စစ်ဝန်ရုံးတွေကို ဆက်သွယ်ဆောင်ရွက်နိုင်တယ်လို့ ဆိုပါတယ်။
ဒါနဲ့ပတ်သက်ပြီး ပြည်ပကို တိမ်းရှောင်လာတဲ့လူငယ်တွေကတော့ စစ်ကောင်စီရဲ့ လှည့်စားမှုဖြစ်တယ်လို့ ပြောဆိုကြပါတယ်။
“ဒီလောက် ဖမ်းစီးပြီး စစ်တပ်ထဲ အတင်းထည့်လို့ ပြည်ပကို ထွက်ပြေးလာရပါတယ်ဆိုတော့ ပြန်သွားရင်လည်း ဖမ်းမှာ သေချာပါတယ်။”လို့ ပြည်ပရောက် လူငယ်တဦးက New Day Myanmar ကိုပြောပါတယ်။
လွတ်မြောက်နယ်မြေမှာရှိတဲ့ တက်ကြွလှုပ်ရှားသူ တဦးကတော့ “စစ်ကောင်စီရဲ့ ဒီလို ဖိတ်ခေါ်မှုဟာ လက်ခံနိုင်စရာမရှိဘူး။ ခုလည်း စစ်ကောင်စီဟာ နိုင်ငံတဝမ်းမှာ ထိန်းချုပ်နိုင်တဲ့နေရာ အရမ်းနည်းနေပြီ။ စစ်မှုထမ်းဖို့ လူတွေ လိုနေတာဖြစ်တယ်။” လို့ပြောပါတယ်။
စစ်ကောင်စီအနေနဲ့ ၂၀၂၂ ခုနှစ်ကလည်း ပြည်ပရောက်မြန်မာတွေ ပြန်လာကြဖို့တိုက်တွန်းခဲ့ဘူးသလို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်တွင်လည်း နေပြည်တော်မှာကျင်းပခဲ့တဲ့ စစ်ကောင်စီအစည်းအဝေးမှာ စစ်ခေါင်းဆာင်က မြန်မာနိုင်ငံကိုပြန်လာလိုတဲ့ ပြည်ပရောက် နိုင်ငံသားအမြောက်အမြားရှိပြီး သူတို့ကိုပြန်လာနိုင်အောင် အစိုးရအဖွဲ့က လုပ်ဆောင်ပေးရမှာဖြစ်တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်းမှာလည်း စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြောင့် ပြည်ပနဲ့ တိုင်းရင်းသား လက်နက်ကိုင်ဒေသတွေကို လူငယ်အများစု ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။
ပုံစာ- စစ်မှုထမ်းဥပေဒေကြောင့် စစ်မှုထမ်းရသော လူငယ်များ
ပုံ – စစ်ကောင်စီ