၁၆ မတ် ၊ ၂၀၂၅
Students’ Target ကိုယ်ပိုင်အထက်တန်းကျောင်းရဲ့ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေကို ကျောင်းသားတွေက ဆိုရှယ်မီဒီယာကတဆင့် ထုတ်ဖော်ပြောကြားလာပါတယ်။
လိင်အကြမ်းဖက်မှု ကျူးလွန်ခံရတဲ့ ကျောင်းသားအများအပြားရှိနေပြီး ထုတ်ဖော်မပြောရဲခဲ့ဘူးလို့ သိရပါတယ်။
ကျောင်းသက်တမ်း ၁၅ နှစ်အတွင်း ပညာသင်နှစ်အသီးသီးမှာ ဆရာတွေရဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို ခံခဲ့ရသူ ကျောင်းသားအမြောက်အများရှိနေပါတယ်။
Students’ Target ကိုယ်ပိုင်အထက်တန်းကျောင်းဟာ ဘော်ဒါဆောင်နဲ့ ကျူရှင်ဝိုင်း အနေနဲ့ စတင်ဖွင့်လှစ်ခဲ့ရာမှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှာ ကိုယ်ပိုင်အထက်တန်းကျောင်းအဖြစ် တိုးချဲ့ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။
Students’ Target ကိုယ်ပိုင်အထက်တန်းကျောင်းဟာ အင်းစိန်မြို့နယ်၊ မြို့တော်ဂေါက်ကွင်းအိမ်ရာမှာ တည်ရှိပြီးဆရာဝန်ဘွဲ့၊ အင်ဂျင်နီယာဘွဲ့တွေ ရရှိထားတဲ့ ညီအစ်ကိုလေးဦးက ဦးစီးဖွင့်လှစ်ထားတာဖြစ်ပါတယ်။
၎င်းတို့ဟာ ကျောင်းသားတွေကို စာသင်ချိန်အပြီး ကျောင်းသားအချို့ကို ညတိုင်း နင်းနှိပ်ခိုင်းတာ၊ ရေချိုးခိုင်းတာ၊ ထိတာကိုင်တာတွေအပြင် သူတို့အလိုကို မလိုက်ရင် ရိုက်နှက်တာတွေ အထိပါ ကျူးလွန်ခဲ့ကြသလို တချို့ကျောင်းသားတွေကို မုဒိမ်းမှုအထိ ကျူးလွန်ခဲ့တာမျိုးရှိပြီး လိင်အင်္ဂါနဲ့ ပတ်သက်ဆက်နွယ်တဲ့ ကိုယ်ထိလက်ရောက် ကျူးလွန်မှုတွေကိုပါ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
လက်ရှိမှာ စစ်ကောင်စီရဲ့ ပညာရေးဝန်ကြီးဌာနအနေနဲ့ Students’ Target ကိုယ်ပိုင်အထက်တန်းကျောင်းတာဝန်ရှိသူတွေကို စစ်ဆေးသွားမယ်လို့ သိရပါတယ်။