၁၇ ဒီဇင်ဘာ၊၂၀၂၄
ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းကိုင်မြို့နယ်မှာ ရှမ်းပြည်တိုး တက်ရေးပါတီ ရှမ်းပြည်တပ်မတော် SSPP/SSA စစ်ယာဉ်တန်းတစ်စီး နဲ့ ဒေသခံ ပြည်သူတစ်ဦးရဲ့ မော်တော် ယာဉ်တစ်စီးကို ရှမ်းပြည်ပြန်လည်ထူထောင် ရေး ကောင်စီ RCSS တပ်ဖွဲ့ဝင်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် မိခင်နှင့် ကလေးနှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ တယ်လို့ သိရပါတယ်။
မိုင်းကိုင်မြို့နယ် တုံလောကျေးရွာအုပ်စုအတွင်း လှုပ်ရှားနေတဲ့ SSPP/SSA တပ်ဖွဲ့ယာဉ်တစ်စီးကို ဒီဇင်ဘာလ ၁၅ ရက် နံနက် ၉ နာရီကျော် အချိန်တွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့တာဖြစ်ပြီး မိုင်း(၁၉) လုံးပေါက်ကွဲခဲ့ပြီး မပေါက်ကွဲ သေးသည့်မိုင်း (၂) လုံးကိုလည်း SSPP/SSA တပ်ဖွဲ့ဝင်များမှ ရှာဖွေတွေ့ရှိခဲ့တယ်လို့ SSPP/SSA က ဒီဇင်ဘာလ ၁၆ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
မိုင်းစထိမှန်ပြီး ဒဏ်ရာရရှိခဲ့တဲ့ ပြည်သူတွေမှာ မိုင်းကိုင်မြို့နယ် ဟိုခိုင်းကျေးရွာအုပ်စု နောင်လျှော် ကျေးရွာနေ အသက်(၂၅) နှစ် အရွယ် စကျောင်းဆရာမ နန်းလောဝ်ဟွမ်ဖွေး ဆိုသူနဲ့ ၄င်းရဲ့ သမီးဖြစ်သူ အသက်(၁) ကျော် အရွယ်ရှိ နန်းအွန်ဖွေးဆိုင် နဲ့ သုံးလသားအရွယ် ကလေးငယ်တစ်ဦးတို့ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
မိခင်ဖြစ်သူ နန်းလောဝ်ဟွမ်ဖွေးမှာ ၎င်းရဲ့ ဘယ်ဘက်ပါး နဲ့ ညာဘက်လက်တွေမှာ မိုင်းစထိမှန်ဒဏ်ရာရရှိပြီး ၊ အ သက် (၁) နှစ်ကျော်အရွယ် နန်းအွန်ဖွေးဆိုင်မှာ ဦးခေါင်းနဲ့ ဘယ်ဘက်လက်တွင် ထိမှန်ဒဏ်ရာရရှိခဲ့ပြီး ၊ (၃) လသားအရွယ် ကလေးငယ်မှာ နားရွက် အတွင်းပိုင်းမှ သွေးထွက်လွန်နေတာကြောင့် စိုးရိမ်ရတဲ့ အခြေအနေထိ ဖြစ်နေတယ်လို့လည်း သိရပါတယ်။
SSPP နဲ့ RCSS အနေနဲ့ နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မူ ရပ်စဲကြောင်း သဘောတူကြေညာချက်ကို ပြီးခဲ့တဲ့ ၊ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၉ ရက် တွင် ထုတ်ပြန်ထားခဲ့ပြီးဖြစ်ပေမယ့် RCSS တပ်ဖွဲ့မှ ယခင်ဖြစ်ခဲ့သည့် နှစ်ဖွဲ့ကြားပြ သာနာများကို အကြောင်းပြကာ SSPP/SSA တပ်စခန်း များ ၊ တပ်ဖွဲ့ဝင်များနဲ့ ဒေသခံပြည်သူတွေကို တိုက် ခိုက် သတ်ဖြတ် ဖမ်းစီးခဲ့တဲ့လုပ်ရပ်တွေလုပ်ဆောင် နေဆဲဖြစ်တယ်လို့လည်း SSPP ဆိုထားပါတယ်။
သို့သော် ရှမ်းလူထုတွေလိုလားတဲ့ ရှမ်းတပ်နှစ်ဖွဲ့ကြား အပစ်ရပ်နိုင်ရေးအတွက် SSPP/SSA အနေနဲ့ ဆုံးဖြတ် ထားခြင်းကြောင့် ဆွေးနွေး အဖြေရှာတဲံ နည်းလမ်းကိုသာ လက်ကိုင်ပြုထားပြီး လက်တုံ့ပြန် တိုက်ခိုက်မှုကို မလွှဲမရှောင်သာတဲ့ နောက်ဆုံး အချိန် ရောက်မှသာ အသုံးပြုသွားမည် ဖြစ်တယ်လို့လည်း အသိပေး ထားပါ တယ်။
Photo -SSPP/SSA