ငလျင်ကြောင့် ပြိုကျပျက်စီးသွားတဲ့ မန္တလေးမြို့က Sky Villa ကွန်ဒိုအတွင်းသေဆုံးခဲ့ရတဲ့သူတွေကို ကျပ်သိန်း ၁၀၀ စီ ထောက်ပံ့သွားမယ်လို့ အဲဒီကွန်ဒိုကို တည်ဆောက်ခဲ့တဲ့ NTL ကုမ္ပဏီ (Sky villa condo)က ထုတ်ပြန်ထားပါတယ်။
ထောက်ပံ့ပေးအပ်ငွေကို စက်တင်ဘာ ၈ ရက်နေ့မှာ စတင်ပေးအပ်သွားမှာဖြစ်တာကြောင့် သေဆုံးသွားတယ်ဆိုတဲ့ အ ထောက်အထား စာရွက်စာတမ်း(သို့) အခြားခိုင်လုံတဲ့ အချက်အလက်တွေနဲ့ Sky Villa ယာယီကွပ်ကဲရေးရုံးကို လာရောက်စာရင်းပေးနိုင်တယ်လို့ ဖော်ပြထားပါတယ်။
“ကျန်ရစ်သူမိသားစုတွေ လိုချင်ခဲ့တာ ကွန်ဒို တာဝန် ရှိသူတွေ ဦးဆောင်ပြီး လူအင်အားများစွာနဲ့ ကယ်ထုတ်ပေးဖို့ စိတ်ရင်းအမှန်နဲ့ ကျန်ရစ်သူ မိသားစုကိုတောင်းပန်ဖို့ ခုလို ၅ လ အကြာမှ နစ်နာကြေးလည်း မလိုချင်ဘူး၊ဂရုဏာကြေးလဲမလိုချင်ဘူး။ယူလဲယူမှာ မဟုတ်ဘူး”လို့ပြိုကျပျက်စီးမူမှာပါဝင်ခဲ့တဲ့ သုခဒိုင်းမွန်းမိသားစုဝင်တဦးက လူမူကွန်ယက်ကနေ မျှဝေထားပါတယ်။
Sky Villa ကွန်ဒိုဟာ ငလျင်လှုပ်ပြီး ၅လကြာမြင့်တဲ့တိုင်အောင် သေဆုံးရုပ်အ လောင်းတွေ ထပ်မံတွေ့ရှိနေတာဖြစ်ပြီး၊ လက်ရှိအချိန်အထိ Sky Villa ကွန်ဒို ပြိုကျမှုဖြစ်စဥ်မှာ အသက်ရှင်လျက် ကယ်တင်နိုင်သူ ၅၂ ဦး သေဆုံးသူ ရုပ်အလောင်း ၁၀၀ ကျော် ရှာဖွေတွေ့ရှိထားတယ်လို့ မီးသတ်တပ်ဖွဲ့ အသိပေးချက်တွေအရ သိရပါတယ်။
Sky Villa ကွန်ဒိုကို NTL Construction Co,Ltd (Sky villa condo)က ၂၀၁၇ ခုနှစ်မှာ တည်ဆောက်ခဲ့တာဖြစ်ပြီး i Myanmar House က ငလျင်ဒဏ်ခံဖောင်ဒေးရှင်းနဲ့ ဘိုးဘွားပိုင် မြေပေါ် ပိုင်ဆိုင်မှု ခိုင်အမာမှာ ဆောက်လုပ်ထားတာဖြစ်တယ် ပြောဆိုရောင်းချကာ အိမ်ရာအထူးစျေးရောင်းပွဲတော်တွေ ပြုလုပ်ပြီးကွန်ဒိုအခန်း တခန်းကို ကျပ်သိန်း ၈,၀၀၀ အထိ ပေါက်ဈေးရှိခဲ့တယ်လို့ သိရပါတယ်။


