၁၁ ဖေဖော်ဝါရီ ၂၀၂၆
မန္တလေးမြို့ အောင်မြေသာစံမြို့နယ် အတွင်းရှိ Sky Villa ကွန်ဒို ပြိုကျမှုအပေါ် တည်ဆောက်ရေးတာဝန်ယူခဲ့တဲ့ NTL ကုမ္ပဏီပိုင်ရှင် ဦးနိုင်ထွန်းလင်းကို ရာဇသတ်ကြီး ပုဒ်မ ၃၀၄(က) ဖြင့် အမှတ် (၁) ရဲစခန်းမှာ အမှုဖွင့်ထားပြီး စစ်ဆေးအရေးယူနေတယ်လို့ သိရပါတယ်။
၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် ၁၁ ထပ်မြင့် Sky Villa ကွန်ဒို အဆောက်အအုံ ပြိုကျခဲ့ပြီး လူပေါင်း ၂၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရပါတယ်။ အဲ့ဒီဖြစ်ရပ်နဲ့ ဆက်နွယ်ပြီး အခုလို ဥပဒေကြောင်းအရ အရေးယူမှု စတင်လာတာဖြစ်ပါတယ်။
ပြိုကျခဲ့တဲ့ အဆောက်အအုံထဲကနေ အသက်ရှင်ရက် ကယ်ထုတ်နိုင်ခဲ့သူ ၅၂ ယောက်သာရှိခဲ့ပြီး သေဆုံးသူ ၂၀၆ ဦးရဲ့ ရုပ်အလောင်းတွေကို ရှာဖွေတွေ့ရှိထားတယ်လို့ သက်ဆိုင်ရာက ထုတ်ပြန်ထားပါတယ်။
သေဆုံးသူ ၂၀၆ ယောက်ထဲမှ ဆက်သွယ်နိုင်တဲ့ မိသားစုတွေကို တစ်ဦးချင်းစီအတွက် ကျပ်သိန်း ၁၀၀ စီ ထောက်ပံ့ပေးခဲ့တယ်လို့ NTL Construction Company ဘက်က သိရပါတယ်။
Sky Villa ကွန်ဒိုဟာ မန္တလေးမြို့ လမ်း ၆၀၊ ၂၂ လမ်းနဲ့ ၂၃ လမ်းကြား ရေစစ်ကန်အနီးမှာ တည်ရှိပြီး ၂၀၁၇ ခုနှစ်အကုန်မှ ၂၀၁၈ ခုနှစ်အစပိုင်းအတွင်း ဆောက်လုပ်ပြီးစီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ စတင်ဆောက်လုပ်ခဲ့တဲ့ ခုနှစ်အတိအကျကိုတော့ တရားဝင် ဖော်ပြထားခြင်း မတွေ့ရသေးပါဘူး။
အဆောက်အအုံပြီးစီးချိန်ကစပြီး လူနေထိုင်မှုတွေရှိခဲ့ပြီး ကွန်ဒိုတစ်ခန်းတန်ဖိုးဟာ ကျပ်သိန်း ၆၅၀၀ ကျော်ရှိတယ်လို့ အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းတွေရဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ ဖော်ပြထားပါတယ်။
လက်ရှိမှာတော့ ဆောက်လုပ်ရေးစံချိန်စံညွှန်းလိုက်နာမှု၊ အရည်အသွေးထိန်းသိမ်းမှုနဲ့ တာဝန်ခံမှုဆိုင်ရာ ကိစ္စတွေကို ဆက်လက် စုံစမ်းစစ်ဆေးနေဆဲဖြစ်တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – MFSD


