၁၆ မတ် ၊ ၂၀၂၅
အမေရိကန်သမ္မတ ထရန့်အမိန့်ကြောင့် RFA နဲ့ VOA သတင်းဌာနနှစ်ခုရဲ့ လုပ်ငန်းလည်ပတ်မှုရပ်ဆိုင်းဖွယ်ရှိတယ်လို့ သတင်းဖော်ပြချက်တွေအရ သိရပါတယ်။
United States Agency for Global Media(USAGM)ကို တခြား အေဂျင်စီတစ်ချို့နဲ့အတူ မလိုအပ်တဲ့ အဖွဲ့အစည်း အဖြစ်သတ်မှတ် ဖျက်သိမ်းလိုက်ကြောင်း အမေရိကန်အစိုးရ အိမ်ဖြူတော်က မတ်လ ၁၄ ရက်နေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ဒါကြောင့် USAGM လက်အောက်မှာ လုပ်ငန်းလည်ပတ်နေတဲ့ ဝါရှင်တန်အခြေစိုက် အမေရိကန်အသံ(VOA)နဲ့ လွတ်လပ်တဲ့အာရှအသံ(RFA) သတင်းဌာနတွေ လုပ်ငန်းလည်ပတ်ဖို့ ရပ်ဆိုင်းရဖွယ်ရှိနေပါတယ်။
” သူတို့မထုတ်ခင် ကိုယ့်ဘာသာပဲအလုပ်ကထွက်ဖို့လုပ်ထားတယ်။ အရင်ကတည်းက အသံယဲ့ယဲ့လေးထွက်နေတာ။ အဆင်မပြေတော့ဘူးပေါ့” လို့မြန်မာပြည်အခြေစိုက် RFA သတင်းထောက်က New Day Myanmar ကိုပြောပါတယ်။
အမေရိကန်သမ္မတ ထရန့်ရဲ့ ညွှန်ကြားချက်အရ သတင်းဌာနတွေကို စီမံကိုင်တွယ်တဲ့ Global Media(USAGM)အစိုးရအေဂျင်စီနဲ့ တခြားအစိုးရ အေဂျင်စီ ၆ ခု ရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေကို အနည်းဆုံးဖြစ်အောင် ထားရမယ်လို့ဆိုပါတယ်။
ဗွီအိုအေ မြန်မာပိုင်းမှာ အချိန်ပြည့် အစိုးရ ဝန်ထမ်းအဖြစ် လုပ်ကိုင်နေသူတွေဆီ အလုပ်ကနေ ချက်ခြင်း ခွင့်ပေးပြီး၊ ရုံးကို လာရောက်စရာ မလိုတဲ့ ညွှန်ကြားချက် အီးမေးလ်တွေ ရရှိလာသလို ရုံးထဲမှာ ရှိနှင့်နေသူတွေထဲက အီးမေးလ်ဝင်လာတဲ့ သူတွေလည်း ရုံးကနေ ထွက်ခွာပေးရမှာဖြစ်ပါတယ်။
ဗွီအိုအေ သတင်းဌာနပေ့မှာလည်း ဗွီအိုအေ မြန်မာပိုင်းရဲ့ တိုက်ရိုက် Live ထုတ်လွှင့်မှု အစီအစဥ်တွေကို ခေတ္တရပ်နားထားပြီး မကြာခင်ကာလမှာ ပြန်လည် ထုတ်လွှင့်သွားပါမယ် လို့ အသိပေးထုတ်ပြန်ထားပါတယ်။
အလားတူ အမေရိကန်အစိုးရရဲ့ငွေကြေးနဲ့ လည်ပတ်နေတဲ့ သတင်းအဖွဲ့အစည်းများ နှင့် AFP ၊ Associated Press (AP) ၊ ရိုက်တာ သတင်းဌာနကြီးတို့ကြား ချုပ်ဆိုထားတဲ့ စာချုပ်တွေကိုလည်း ဖျက်သိမ်းလိုက်တယ်လို့ သိရပါတယ်။