၂၀ ဖေဖော်ဝါရီ ၂၀၂၆
Private Cinema တွေကို ပြသခွင့်လိုင်စင် ထုတ်ပေးထားတာတွေ ရှိနေပါက ချက်ချင်းရုပ်သိမ်းသွားမယ်လို့ စစ်ကော်မရှင်ရဲ့ ဗီဒီယိုလုပ်ငန်း စိစစ်ကြီးကြပ်ရေးဗဟိုကော်မတီ က ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ အသိပေးကြေညာလိုက်ပါတယ်။
လက်ရှိမှာ စီးပွားရေးလုပ်ငန်းရှင်အချို့က ပရိုဂျက်တာ၊ TV စနစ်တွေကို အသုံးပြုပြီး ပုဂ္ဂလိကရုပ်ရှင်ရုံငယ်တွေကို ဟိုတယ်၊ တည်းခိုခန်းလို အခန်းကန့်ကာ ဖွင့်လှစ်လာကြတာကို စိစစ်တွေ့ရှိထားတယ်လို့ ဆိုပါတယ်။
အဲ့ဒီလို ဖွင့်လှစ်ပြသမှုတွေကြောင့် မလိုလားအပ်တဲ့ လူမှုရေးရှုပ်ထွေးမှုတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ ကော်မတီဘက်က သတိပေးထားပါတယ်။
ဒါကြောင့် တရားမဝင် ပြသနေတဲ့ Private Cinema တွေကို ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေအရ အရေးယူဆောင်ရွက်သွားဖို့ကိုလည်း တိုင်းဒေသကြီးနဲ့ ပြည်နယ်အဆင့် ဗီဒီယိုလုပ်ငန်း စိစစ်ကြီးကြပ်ရေးကော်မတီတွေထံ အကြောင်းကြားထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် အချို့ Private Cinema တွေမှာ ဆင်ဆာမဲ့ ရုပ်ရှင်ဇာတ်ကားတွေကို အသုံးပြုပြီး မလျော်ကန်တဲ့နည်းလမ်းတွေနဲ့ တရားမဝင် ဆက်လက်ဖွင့်လှစ်နေဆဲ ဖြစ်တယ်ဆိုတာကိုလည်း စိစစ်တွေ့ရှိထားတယ်လို့ ထုတ်ပြန်ထားပါတယ်။
လုပ်ငန်းလိုင်စင်မရှိဘဲ ရုပ်ရှင်ရုံဖွင့်လှစ်ပြသတာ၊ ဆင်ဆာမဲ့ ဇာတ်ကားတွေ ပြသတာတွေကို ဆက်လက်လုပ်ဆောင်နေပါက တည်ဆဲဥပဒေတွေနဲ့အညီ ထိရောက်စွာ အရေးယူသွားမယ်လို့လည်း ကော်မတီက အသိပေးထားပါတယ်။


