Homeပြည်တွင်းသတင်းPPP သုံးလုံး ပါတီဒု-ဥက္ကဋ္ဌဟောင်း ဦးကျော်ဇေယျကို စစ်တပ်ကဖမ်းဆီး စစ်ဆေးနေ

PPP သုံးလုံး ပါတီဒု-ဥက္ကဋ္ဌဟောင်း ဦးကျော်ဇေယျကို စစ်တပ်ကဖမ်းဆီး စစ်ဆေးနေ

၂ မေ၊ ၂၀၂၅

လူမှုကွန်ရက်မှာ ငလျင်ဘေးနဲ့ပတ်သက်ပြီး လှောင်ပြောင်သရော်စာရေးလို့ဟုဆိုကာ ဦးကျော်ဇေယျကို စစ်ကောင်စီက ဖမ်းဆီးထားတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။

ဦးကျော်ဇေယျဟာ ငလျင်ပြီးနောက်ပိုင်း လူမှုကွန်ရက်မှာ စစ်ကောင်စီကို ဆက်တိုက်ဝေဖန်ပြောဆို ရေးသားခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီအနေနဲ့ခေါ်ယူသတိပေးထားခဲ့ပေမယ့် ဆက်လက်ရေးသားနေတာကြောင့် ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေ ထံကအတည်ပြုသိရပါတယ်။

ဦးကျော်ဇေယျဟာ NLD အမတ်ဟောင်းလည်းဖြစ်သလို စစ်တပ်ကအရာရှိဟောင်းတစ်ဦးလည်းဖြစ်ပါတယ်။

NLD ပါတီကထွက်ပြီး ဒေါ်သက်သက်ခိုင်ရဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ PPP မှာ ဒုဥက္ကဌရာထူးနဲ့ ဆက်လက်လုပ်ဆောင်ခဲ့ပြီး ၂၀၂၂ ခုနှစ်မှာ နုတ်ထွက်ခဲ့တာဖြစ်ပါတယ်။

လူမှုကွန်ရက်မှာ ဦးကျော်ဇေယျက ” အဘအကွက်တွေက အလွန်လှ .. ဆိုလို့ ပုဆိုးမ ကြည့်လိုက်မှ ထိုးကွင်းကို မတွေ့ရ ပွေးကွက်များနဲ့ ဗရပွ” ၊ “မဟာပထဝီမြေကြီးကတောင် တုန်ခါပြီး ပြနေတော့ ဘာလုပ်သင့်သည်ဆိုတာ သိတတ်ကြစမ်းပါ” လို့ ရေးသားထားတာဖြစ်ပါတယ်။

စစ်ကောင်စီရုံးစိုက်ရာနေပြည်တော်မှာ တပ်မတော်နေ့အခမ်းအနားအပြီးနောက်ရက်မှာ အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့တာကို သရော်ရေးသားထားတာဖြစ်ပါတယ်။

ငလျင်လှုပ်ပြီး နောက်ရက်မှာလည်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်က နိုင်ငံတကာကို အကူညီပေးဖို့ တောင်းဆိုခဲ့ပြီးနောက်ပိုင်း နိုင်ငံတချို့ကို ကူညီခွင့်ပိတ်ပင်တာနဲ့ပတ်သက်ပြီး ဦးကျော်ဇေယျက “မည်သည့်အဖွဲ့အစည်းမဆို မည်သူမဆို ကူညီလို့ရပါတယ်ဟု ပြောထားပြီး အမှားပြင်ဆိုရင်တော့ သိက္ခာကျတာပေါ့” လို့ လူမှုကွန်ရက်မှာဝေဖန်ရေးသားခဲ့ပါတယ်။

စစ်ကောင်စီကို ဝေဖန်ပြောဆိုတဲ့မည်သူ့ကိုမဆို ဖမ်းဆီးထောင်ချတာတွေလုပ်ပြီး ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ် နဲ့ အငြိမ်းစားဒုတိယဗိုလ်ချုပ်ကြီး မြင့်လှိုင်တို့လည်း ဖမ်းဆီးခံထားရတာဖြစ်ပါတယ်။

ဓာတ်ပုံ – Social media

ဆက်စပ် သတင်းများ

Most read