၂၁ ဖေဖော်ဝါရီ ၂၀၂၆
PPP ပါတီ ရဲ့ ပါတီဥက္ကဋ္ဌဖြစ်သူ ဒေါ်သက်သက်ခိုင် ဟာ ပါတီဥက္ကဋ္ဌတာဝန်ကနေ အနားယူသွားပြီဖြစ်ပြီး၊ သူမရဲ့နေရာမှာ ဒုတိယဥက္ကဌ (၂) ဖြစ်သူ ဦးစောဟန်အေး က ပါတီဥက္ကဋ္ဌသစ်အဖြစ် တာဝန်ယူဆောင်ရွက်သွားမယ်လို့ နိုင်ငံရေးပါတီအသိုင်းအဝိုင်းထံက သိရပါတယ်။
ပါတီအတွင်း အဖွဲ့အစည်းဖွဲ့စည်းပုံ အပြောင်းအလဲအရ တွဲဖက်အတွင်းရေးမှူး (၁) ဖြစ်သူ ဦးတင်မောင်ညီ ကို ဒုတိယဥက္ကဋ္ဌ (၂) အဖြစ် ခန့်အပ်လိုက်ပြီး၊ ဒုတိယဥက္ကဋ္ဌ (၁) ရာထူးကတော့ လက်ရှိအချိန်အထိ လစ်လပ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ ထို့အပြင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ (CEC) အဖွဲ့ဝင်အသစ်တွေကိုလည်း ထပ်မံဖြည့်တင်းထားကြောင်း ပါတီဘက်က အသိပေးထားပါတယ်။
ဒီလို ပါတီဥက္ကဋ္ဌ အပြောင်းအလဲ ဖြစ်ပေါ်လာတာဟာ PPP ပါတီဥက္ကဋ္ဌဟောင်း ဒေါ်သက်သက်ခိုင်နဲ့ CEC အဖွဲ့ဝင်ဖြစ်သူ ဒေါ်ထက်ထက်လှိုင် တို့ဟာ ပြည်ပသံရုံးတစ်ခုနဲ့ လျှို့ဝှက်တွေ့ဆုံခဲ့တယ်ဆိုတဲ့ အကြောင်းအရာနဲ့ပတ်သက်ပြီး ပါတီဘက်က အရေးယူသွားမယ်လို့ ဇန်နဝါရီ ၁၄ ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပြီးနောက် ဆက်တိုက်ဖြစ်ပေါ်လာတဲ့ အပြောင်းအလဲတစ်ရပ်ဖြစ်တယ်လို့ နိုင်ငံရေးသတင်းရင်းမြစ်တွေက ဆိုပါတယ်။
PPP ပါတီအတွင်း အာဏာပိုင်ဖွဲ့စည်းပုံ ပြောင်းလဲမှုနဲ့ ပါတီခေါင်းဆောင်မှု အပြောင်းအလဲတွေက လာမယ့် နိုင်ငံရေးလှုပ်ရှားမှုတွေအပေါ် ဘယ်လို သက်ရောက်လာမလဲဆိုတာကို နိုင်ငံရေးလေ့လာသူတွေက ဆက်လက်စောင့်ကြည့်နေကြပါတယ်။


