Homeပြည်တွင်းသတင်းPNO ပြည်သူ့စစ်က ဆီဆိုင်မြို့နယ် နားခိုက်ကျေးရွာအတွင်းရှိ ပြည်သူအိမ် ၁၅၆ အိမ်ကို ဝင်ရောက် မွေ နှောက်လုယက်ပြီး ဘုရားကြေးဆင်းတုတော် ၁၅...

PNO ပြည်သူ့စစ်က ဆီဆိုင်မြို့နယ် နားခိုက်ကျေးရွာအတွင်းရှိ ပြည်သူအိမ် ၁၅၆ အိမ်ကို ဝင်ရောက် မွေ နှောက်လုယက်ပြီး ဘုရားကြေးဆင်းတုတော် ၁၅ နဲ့ ငွေ၊ကား၊ဆိုင်ကယ်တွေလုယက်ယူဆောင်သွား

၁၀ ဇူလိုင်၊၂၀၂၄

စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ဆီဆိုင်မြို့နယ် နားခိုက်ကျေးရွာကို ဝင်ရောက်ဖျက်ဆီးခဲ့ပြီး ရွာအတွင်းရှိ ပြည်သူနေအိမ် ၁၅၆ အိမ်ကို မွေနှောက်ဖျက်ဆီးကာ ဘုရားကြေးဆင်းတုတော်နဲ့ ငွေ၊ ကား၊ဆိုင် ကယ်တွေကို လုယက်ယူဆောင်သွားခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) က ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

PNO ပြည်သူ့စစ်တွေဟာ ဇူလိုင်လ ၆ ရက်နေ့မှာ နားခိုက်ကျေးရွာအတွင်းကို လက်နက်ကြီးငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်ခဲ့ပြီး ပြည်သူတွေရဲ့ စည်းစိမ်ဥစ္စာတွေကို လုယက်ယူဆောင်သွားခဲ့ခြင်းဖြစ်ပြီး ပြည်သူ ၃ ဦးကိုလည်း ပစ်သတ်ခဲ့တယ်လို့ ဆိုပါတယ်။

PNO ပြည်သူ့စစ်တွေက နားခိုက်ကျေးရွာအတွင်းမှ လုယူသွားသည့် ပစ္စည်းများကို စာရင်းကောက်ယူထား နိုင်မှုအရ ကား ၄ စီး ၊ ဆိုင်ကယ် ၂၈ စီး ၊ ကုန်စုံဆိုင် ၄ ဆိုင်ဖျက်ဆီးခံရ ၊ ဘုရားကြေးဆင်းတုတော် ၁၅ ဆူ ၊ မွှေနှောက်လုယက်ခံရသည့်အိမ် ၁၅၆ အိမ်၊ မီးရှို့ဖျက်ဆီးသွားသည့်အိမ် ၈ အိမ်၊ သတ်ဖြတ်ခံရသည့် ဒေသခံ ၃ ဦး ၊ ရိုက်နှက်ခံရသည့် ဒေသခံ ၈ ဦး ၊ ဘုန်းကြီးကျောင်းအပစ်ခံရမှု ၃ ကြိမ် ၊ မီးမရှို့ပဲဖျက်ဆီးသွားသည့် အိမ် ၄ အိမ် ၊ မီးရှို့ဖျက်ဆီးသွားသည့်ကား ၁စီး ၊ ဖုန်း ၁၄ လုံး ၊ ပါဝါဘဏ် ၂၆ လုံး ၊ရွှေ ၁၀ ကျပ်သား၊ ငွေသား ၃၄၀ သိန်း တို့ဖြစ်တယ်လို့ သိရပါတယ်။

ဆက်လက်ပြီး ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) စစ်ဦးစီးချုပ်ရဲ့ မိသားစုပိုင် နေအိမ် ကိုလည်း ဒုတိယအကြိမ် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

နားခိုက်ကျေးရွာဟာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) စစ်ဦးစီးချုပ်ရဲ့ ဇာတိကျေးရွာဖြစ်ပြီး ယခင် ဧပြီလအတွင်းကလည်း PNO ပြည်သူ့စစ်က ပထမအကြိမ် မီးဝင်ရှို့ခဲ့တယ်လို့ သိရပါတယ်။

နားခိုက်ကျေးရွာဟာ ဆီဆိုင်မြို့နယ် လွယ်မောတောင်ဒေသမှာတည်ရှိပြီး အိမ်ခြေ ၃၅၀ ကျော်ရှိတဲ့ ရွာဖြစ်ပါတယ်။

Photo- PNLA

ဆက်စပ် သတင်းများ

Most read