၂၈ နိုဝင်ဘာ၊ ၂၀၂၄
ကချင်ပြည်နယ်နဲ့ ရှမ်းမြောက်ဘက်ကို သွားတဲ့ လမ်းကြောတွေမှာ ခရီးသည်တင်ကားတွေ ခရီးစဉ်တစ်ကြောင်းကို ဆယ်သိန်းထက်မနည်း ပေးဆောင်နေရတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။
ကချင်ပြည်နယ် မြစ်ကြီးနားကို တက်တဲ့ကားတွေက ကားသေးဆိုရင် စစ်ကိုင်းတံတားဖြတ်ထဲက ၂ သိန်း၊ ကားကြီးဆို သိန်း ၂၀ထိ စစ်ကောင်စီဘက်ကို ပေးရတယ်လို့ ကားသမားတွေက ဆိုပါတယ်။
မန္တလေး မြစ်ကြီးနား ခရီးစဉ်မှာ ကံကောင်းရင် တစ်ညအိပ်သာ ကြာပေမယ့် လမ်းခရီးအခြေအနေအရ ၅ ရက်မှ တစ်ပတ်ထိတောင် ကြာနေတာမျိုးလည်း ဖြစ်တတ်တယ်လို့ မြစ်ကြီးနားဒေသခံက ဆိုပါတယ်။
“ကံကောင်းတဲ့အခေါက် တညအိပ်ပေါ့။ တလမ်းလုံးငွေလမ်းခင်းသွားကြရတာ။ ဆယ်သိန်းကျတယ်ဆိုပေမယ့် အဲထက်များဖို့ပဲရှိတယ်။ PDF ဂိတ် KIA ဂိတ် စစ်တပ်ဂိတ်တွေလည်း ပေးရတာပဲ။ မပေးရတဲ့ဂိတ်မရှိဘူး။ ဂိတ်တိုင်းက လမ်းဆင်းလျှောက်ရတယ် မှတ်ပုံတင်စစ်တာ။ ဂိတ်တော်တော်များများမှာ မှတ်ပုံတင်ပြရတာ။ လူငယ်တွေဆို တခါတလေ ပေးမလွှတ်ဘူး ရစ်တာတွေ ရှိတယ်” လို့ ဒေသခံတစ်ဦးက New Day Myanmar ကို ပြောပါတယ်။
မန္တလေး လားရှိုး၊ မန္တလေး မူဆယ် လမ်းကြောင်းတွေလည်း ဆယ်သိန်းအထက် လမ်းကြေးပေးနေရတယ်လို့ မူဆယ်က ကားလုပ်ငန်းရှင်တစ်ဦးက ပြောဆိုပါတယ်။
“ဒီဘက်မှာက ကုန်စည်ပိတ်ထားတော့ ကားတွေကို ကုန်တွေ ပါလာရင် ရစ်တာတွေ ရှိတယ်။ လူငယ်တွေဆို ရစ်တာတွေ ရှိတယ်။ လမ်းမှာ ၃ ရက်လောက်ကြာတယ်။ စက်သုံးဆီက ဒီဘက်မှာ တောက်လျှောက် ဈေးကြီးပြီး ပြတ်နေတော့ ကားသမားတွေ တစ်ယောက် သုံးသိန်းလောက်ယူတာလည်း တကယ်တော့ လမ်းကြေး၊ ဆီဖိုး၊ ကားပြင်စရိတ်နဲ့တွက်ရင် ဒီလောက်ယူမှ ကိုက်မှာမို့ပါ” လို့ မူဆယ်က ကားလုပ်ငန်းရှင်က New Day Myanmar ကို ပြောပါတယ်။
တော်လှန်ရေးတပ်များ ထိန်းသိမ်းထားတဲ့ဘက်တွေကို ဖြတ်နေတဲ့ကားတွေကို စစ်ကောင်စီဘက်က ပိုရစ်ပြီး ကုန်ပစ္စည်းများများတင်လာရင် ထားခဲ့ခိုင်းတာတွေ လုပ်နေတယ်လို့ ရှမ်းမြောက်ဒေသခံတွေက ပြောဆိုပါတယ်။
စစ်ကောင်စီဟာ ရှမ်းမြောက်ဒေသကို စားနပ်ရိက္ခာပြတ်လပ်စေဖို့ တရုတ်အစိုးရကို နယ်စပ်ဂိတ်တွေ ပိတ်ဖို့ တောင်းဆိုပြီး အောက်တိုဘာလ ၂၀ရက်ထဲက တရုတ်မြန်မာနယ်စပ်တွေ ပိတ်ဆို့ထားပါတယ်။
Photo – CJ