Homeပြည်တွင်းသတင်းOWIC ကတ်သစ်တွေကို မတ်လအတွင်း ပြန်လည်ထုတ်ပေးမယ်လို့ စစ်ကော်မရှင် ကြေညာ

OWIC ကတ်သစ်တွေကို မတ်လအတွင်း ပြန်လည်ထုတ်ပေးမယ်လို့ စစ်ကော်မရှင် ကြေညာ

၁၀ ဖေဖော်ဝါရီ ၂၀၂၆

ပြည်ပမှာ အလုပ်လုပ်နေသူတွေကို ထုတ်ပေးတဲ့ ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (OWIC) သစ်တွေကို လာမယ့် မတ်လအတွင်း စတင်ထုတ်ပေးသွားမယ်လို့ စစ်ကော်မရှင်ဘက်က ဒီနေ့ ဖေဖော်ဝါရီ ၁၀ ရက်မှာ ဝါဒဖြန့် သတင်းစာကတဆင့် အသိပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ လပိုင်းအတွင်း အကြောင်းအမျိုးမျိုးကြောင့် ပြည်ပကနေ ပြည်တွင်းကို ပြန်လာခဲ့ရတဲ့ အလုပ်သမားတွေကို လေဆိပ်အထွက်မှာ OWIC ကတ်မရှိရင် ထွက်ခွင့်မပြုဘူးဆိုပြီး တင်းကျပ်ခဲ့တာကြောင့် ပြည်ပကို ပြန်ထွက်ဖို့ မရနိုင်တဲ့ အခြေအနေတွေ ဖြစ်ပေါ်ခဲ့တာပါ။

ဒီလို အခက်အခဲတွေကြောင့် ဝေဖန်သံတွေ ထွက်လာပြီးနောက် OWIC ကတ်လုပ်ခွင့် ရထားသူတွေအနေနဲ့ မတ်လ ၁ ရက်ကစပြီး ကတ်ဖိုးကို ငွေလွှဲလျှောက်လွှာနဲ့ ပေးသွင်းနိုင်ပြီလို့ စစ်ကော်မရှင်ဘက်က ထပ်မံပြောဆိုလာတာ ဖြစ်ပါတယ်။

အရင်က ပြည်ပရောက် အလုပ်သမားတွေ နိုင်ငံကူးလက်မှတ်အသစ် ပြုလုပ်တဲ့အချိန်မှာ OWIC ကတ်ကိုပါ သံရုံးတွေက တခါတည်း ထုတ်ပေးလေ့ရှိခဲ့ပေမယ့် ၂၀၂၅ ခုနှစ်အစပိုင်းမှာတော့ ယာယီရပ်ဆိုင်းထားခဲ့ပါတယ်။

စစ်ကော်မရှင် အလုပ်သမားဝန်ကြီးဌာနဘက်ကတော့ OWIC ကတ်သစ်တွေကို ၂၀၂၅ မတ်လနောက်ပိုင်းမှ ပြန်ထုတ်ပေးမယ်လို့ ကြေညာခဲ့ပေမယ့် လက်တွေ့မှာတော့ အကန့်အသတ်နဲ့သာ ထုတ်ပေးခဲ့ပါတယ်။

ဒါ့အပြင် အလုပ်လုပ်ကိုင်ခွင့် နိုင်ငံကူးလက်မှတ် (PJ) နဲ့ OWIC ကတ် ကိုင်ထားသူတွေအနေနဲ့ အလုပ်ဗီဇာနဲ့ ပါမစ်မရှိဘဲ နိုင်ငံခြားထွက်လိုပါက အလည်အပတ် နိုင်ငံကူးလက်မှတ် (PV) အမျိုးအစားကို ပြောင်းလဲရမယ်လို့ စစ်ကော်မရှင်ရဲ့အလုပ်သမားဝန်ကြီးဌာနက ဇန်နဝါရီလအတွင်း အသိပေးထားပါတယ်။

စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးနောက်ပိုင်းမှာတော့ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အထိ စစ်မှုထမ်းသက်နဲ့ အကျုံးဝင်သူတွေကို စစ်ကော်မရှင်ဘက်က ပြည်ပထွက်ခွင့်တွေတင်းကြပ်နေတာဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး