၁၆ ဒီဇင်ဘာ၊ ၂၀၂၄
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ မြို့သစ်မြို့က အမျိုးသားညီညွတ်ရေးစိုးရ (NUG)ရဲ့ စစ်သုံ့ပန်းတွေကို ထိန်းသိမ်းထားရှိတဲ့ အကျဉ်းစခန်းတစ်ခုကနေ စစ်သုံ့ပန်း ၃၄ ယောက် ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။
ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၁၂ ရက် ညပိုင်းက မြို့သစ်မြို့အကျဉ်းစခန်းကနေ စစ်ကောင်စီ သုံ့ပန်း ၃၄ ယောက်က အချုပ်ခန်းဖောက်ပြီး ထွက်ပြေးသွားတာ ဖြစ်ပါတယ်။ မြို့သစ်မြို့ဟာ NUG ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသ နဲ့မဟာမိတ်အဖွဲ့တွေ ပူးပေါင်းပြီး အခုနှစ်၊ မေလ ၁၁ ရက်မှာ သိမ်းပိုက်ထားတာပါ။
မြို့သစ်မြို့သိမ်းတိုက်ပွဲနဲ့ သနန်ရဲစခန်းတိုက်ပွဲတွေကနေ ဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေကို သနန်အကျဉ်းစခန်းမှာ ထိန်းသိမ်းထားတာဖြစ်ပြီး ထွက်ပြေးသွားသူတွေထဲ သနန်ရဲစခန်းက စခန်းမှူးနဲ့ ဒုရဲအုပ်တွေလည်းပါတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ CDM ရဲတစ်ယောက်က ပလဖတွေကို အယုံသွင်းပြီး စစ်ကောင်စီသုံ့ပန်းတွေနဲ့အတူ ထွက်ပြေးသွားတယ်လို့လည်း အတည်မပြုနိုင်သေးတဲ့ သတင်းတွေက ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဟာ တမူးခရိုင်ထဲက မြို့သစ်မြို့နဲ့ ခမ်းပတ်မြို့ကို သိမ်းပိုက်ထားပြီး အုပ်ချုပ်ရေးဖော်ဆောင်နေပါတယ်။
ပုံစာ- မြို့သစ်မြို့သိမ်းပိုက်စဉ် စစ်သုံ့ပန်းများ(ပုံဟောင်း)
Photo – NUG