၂၂ နိုဝင်ဘာ၊ ၂၀၂၄
NUG ယာယီဆေးပညာဘွဲ့လက်မှတ်နဲ့ ထိုင်းနိုင်ငံမှာ တက္ကသိုလ်တက်ရောက်ခွင့်လျှောက်ထားဖို့ နိုတြီပြန်ပေးခဲ့သူ သုံးဦးကို စစ်ကောင်စီက ဖမ်းဆီးလိုက်တယ်လို့ စစ်ကောင်စီလော်ဘီသတင်းဌာနတွေက ဖော်ပြပါတယ်။
ဆေးတက္ကသိုလ်(မန္တလေး)မှ Final Part II ကို သင်တန်းဖွင့်လှစ်ထားပေမယ့် သတင်းပေးပို့ဖို့ ပျက်ကွက်တဲ့ ဆေးကျောင်းသူနှစ်ဦးကို ဆေးတက္ကသိုလ်(မန္တလေး)မှ ထုတ်ပယ်ထားခဲ့ပေမယ့် အဆိုပါ ကျောင်းသူနှစ်ဦးဟာ NUG ရဲ့ ယာယီ ဆေးပညာဘွဲ့လက်မှတ်နဲ့ ထိုင်းနိုင်ငံ၊ Chulalongkorn တက္ကသိုလ်ကို တက်ရောက်ဖို့ ကြိုးစားခဲ့တယ်လို့ စစ်ကောင်စီက ဆိုပါတယ်။
၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်မှာ ထိုင်းနိုင်ငံ Chulalongkorn တက္ကသိုလ်က ကျောင်းသူနှစ်ဦးရဲ့
တက္ကသိုလ်တက်ရောက်ခွင့် လျှောက်ထားမှုနဲ့ပတ်သတ်ပြီး သံသယရှိတဲ့အတွက် ယာယီဆေး ပညာဘွဲ့လက်မှတ်တွေကို အတည်ပြုပေးဖို့ မြန်မာနိုင်ငံက ဆေးတက္ကသိုလ် (မန္တလေး)ကို ဆက်သွယ်အကြောင်းကြားလာခဲ့တယ်လို့ ဆိုပါတယ်။ နိုဝင်ဘာလ ၂၀ ရက်မှာ ယာယီဆေးပညာဘွဲ့လက်မှတ်တွေကို စစ်ဆေးအတည်ပြုခဲ့ပြီး ဆေးတက္ကသိုလ်(မန္တလေး)က ထုတ်ပေးထားတဲ့ဘွဲ့လက်မှတ်တွေမဟုတ်ဘဲဘွဲ့ လက်မှတ်အတုတွေဖြစ်ပြီး တရားမဝင်ကြောင်း ပြန်လည်အကြောင်းကြားခဲ့တဲ့အတွက် Chulalongkorn တက္ကသိုလ်က သူတို့နှစ်ဦးကို လက်မခံခဲ့ဘူးလို့ သိရပါတယ်။
တရားမဝင် Notary (သက်သေခံချက်) ပြုလုပ်ပေးခဲ့တဲ့ ရန်ကုန်တိုင်း ဒေသကြီး၊ ကျောက်တံတားမြို့နယ် မှာ ရုံးခန်းဖွင့်လှစ်ထားပြီး ပန်းပဲတန်းမြို့နယ်မှာ နေထိုင်တဲ့ ဦးသိဏ်းချမ်း(ခ)သိန်းဝင်းနဲ့ သင်္ဃန်းကျွန်းမြို့ နယ်နေ ဒေါ်သက်ထက်ဦး(ခ)ဝင်းထက်မြတ်၊ ယာယီ ဆေးပညာဘွဲ့လက်မှတ် အတုကို ဘာသာပြန်ပေးခဲ့တဲ့ ကျောက်တံတားမြို့နယ် M2 နိုတြီ ဘာသာပြန်ဆိုင်က ဆိုင်ပိုင်ရှင်ဖြစ်သူ ဦးမြတ်မင်းသူတို့ သုံးဦးကို နိုဝင်ဘာ ၂၁ ရက်က စစ်ကောင်စီက ဖမ်းဆီးခဲ့ကြောင်း စစ်တပ်လော်ဘီမီဒီယာတွေက ရေးသားထားပါတယ်။
Photo – စစ်ကောင်စီ