Homeပြည်တွင်းသတင်းNLD ပါတီ ဒုဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင် မန္တလေးဆေးရုံကြီးမှာ ဆေးကုသနေရ

NLD ပါတီ ဒုဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင် မန္တလေးဆေးရုံကြီးမှာ ဆေးကုသနေရ

၁၀ ဇူလိုင်၊ ၂၀၂၄

NLD ပါတီဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ ဇော်မြင့်မောင်ကို ကင်ဆာရောဂါကြောင့် အိုးဘိုအကျဉ်းထောင်ကနေ မန္တလေးဆေးရုံကြီးကို ပို့ပြီး ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။

ဒေါက်တာ ဇော်မြင့်မောင်ဟာ ၂၀၂၁ ခုနှစ်‌၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်ကောင်စီ အာဏာသိမ်းပြီးထဲက ဖမ်းဆီးထောင်ချခံထားရသူလည်း ဖြစ်ပြီး ကင်ဆာရောဂါဝေဒနာကို ခံစားနေရသူဖြစ်ပါတယ်။ ကင်ဆာရောဂါ ဝေဒနာကို ထောင်တွင်းဆေးရုံမှာ ကင်ဆာဆေးသွင်းကုသပေမယ့် မသက်သာတာကြောင့် အသက် ၇၃ နှစ်အရွယ် ဒေါက်တာဇော်မြင့်မောင်ကို အိုးဘိုထောင်တွင်းဆေးရုံကနေ မန္တလေး ဆေးရုံကြီးဆီ ဇွန်လ ၂၅ ရက်က ပို့ဆောင် ကုသမှု ခံယူစေတာလို့ သိရပါတယ်။

စစ်ကောင်စီဟာ ပြင်ပပုဂ္ဂလိက ဆေးရုံမှာ ကုသခွင့်မပေးဘဲ ထောင်ဆေးရုံမှာပဲလစဉ် ကင်ဆာဆေးသွင်း ကုသရာမှာ တိုးတက်မှု မရှိတဲ့အတွက် ကုသနည်းပြောင်းနိုင်ဖို့အတွက် ဆေးရုံကြီးကို ရွှေ့ပြောင်းပေးတာ ဖြစ်ပါတယ်။ ကုသနည်းပြောင်းဖို့ ခါးရိုးချဉ်ဆီ ထပ်ယူတာဖြစ်တယ်လို့ သိရပါတယ်။

ကိုဗစ်တတိယလှိုင်းဖြစ်ပွားချိန် ၂၀၂၁ ခုနှစ် သြဂုတ်လကလည်း ဒေါက်တာဇော်မြင့်မောင်ဟာထောင်တွင်းမှာ ကိုဗစ်ကူးစက်ခံခဲ့ရပြီး မန္တလေး ဆေးရုံကြီးမှာ ကုသမှုခံယူခဲ့ရပါတယ်။

NLD ပါတီ ဒုဥက္ကဋ္ဌ ဖြစ်သလို မန္တလေးတိုင်းဝန်ကြီးချုပ်လည်းဖြစ်တဲ့ ဒေါက်တာဇော်မြင့်မောင်ကို အာဏာသိမ်းစစ်ကောင်စီက ပုဒ်မမျိုးစုံတပ်ပြီး ထောင်ဒဏ် ၂၉ နှစ် ချထားခဲ့ပြီး ဖမ်းဆီးချိန်ကစလို့ အခုချိန်ထိ မိသားစုနဲ့ပေးမတွေ့ဘူးလို့ သိရပါတယ်။

ဆက်စပ် သတင်းများ

Most read