၉ ဇန်နဝါရီ၊ ၂၀၂၅
စစ်ကောင်စီနဲ့ ဗီယက်နမ်စစ်တပ်ပိုင် Viettel တို့ ပူးပေါင်းပိုင်ဆိုင်တဲ့ မိုင်တဲလ်တယ်လီဖုန်းဆက်သွယ်ရေးလုပ်ငန်းကို အမေရိကန်ပြည်ထောင်စုရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းမှာ ထည့်သွင်းကြောင်း ဇန်နဝါရီလ ၆ ရက်က ထုတ်ပြန်ကြေညာပါတယ်။
အမေရိကန် ကုန်သွယ်ရေး ဝန်ကြီးဌာနက ဦးဆောင်ပြီး နိုင်ငံခြားရေး၊ ကာကွယ်ရေး၊ စွမ်းအင်နဲ့ ဘဏ္ဍာရေး ဝန်ကြီးဌာနတို့က ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ERC – သုံးစွဲသူ ရေးရာ သုံးသပ်ရေး ကော်မတီက မိုင်တဲလ်ကို ဒဏ်ခတ်ပိတ်ဆို့မှု စာရင်းမှာ ထည့်သွင်းဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
အထူးသဖြင့် မိုင်တဲလ်ဟာ မြန်မာစစ်ကောင်စီဝင်ငွေရရှိအောင် ဘဏ္ဍာရေးနဲ့ ထောက်ပံ့နေတဲ့အပြင် ထောက်လှမ်းစောင့်ကြည့်တဲ့ဝန်ဆောင်မှုတွေ ပေးနေတာကြောင့် စစ်ကောင်စီပစ်မှတ်ထားတဲ့ လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့တွေကို ခြေရာခံ ဖော်ထုတ်နိုင်တာ ဖြစ်ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကျူးလွန်နိုင်စေခဲ့တယ်လို့ ကြေညာချက်ထဲထည့်သွင်းဖော်ပြပါတယ်။
ဒီလုပ်ငန်းကြီးထံ ပစ္စည်းတွေ တင်ပို့မယ့်၊ ပြန်လည် တင်ပို့မယ့်၊ လွှဲပြောင်းပေးရေး အတွက် ခွင့်ပြုချက်လိုအပ်ပြီး ဒီခွင့်ပြုချက် လိုင်စင် လျှောက်ထားမှုတွေကိုလည်း ငြင်းပယ်ချက်အဖြစ် သတ်မှတ်သုံးသပ်မှာ ဖြစ်ကြောင်းလည်း ကြေညာထားပါတယ်။
ဇန်နဝါရီ ၆ ရက်နေ့မှာ စတင်အသက်ဝင်မယ့် စည်းမျဉ်းသတ်မှတ်ချက်ထဲမှာ မြန်မာနိုင်ငံက မိုင်တဲလ်အပါအဝင်အပါအဝင် လုပ်ငန်းပေါင်း ၁၃ ခုကို ဒဏ်ခတ်ပိတ်ဆို့ စာရင်းထဲ ထည့်သွင်းခဲ့ပါတယ်။
ပုံစာ – Viettel Group ညွှန်ကြားရေးမှူးချုပ် Nguyen Manh Hung နဲ့ စစ်ခေါင်းဆောင်တို့ Mytel အမှတ်တံဆိပ်အသိအမှတ်ပြုကမ္ဗည်းပေးအပ်ပွဲမှာတွေ့ရစဉ်
ဓာတ်ပုံ – baodaulu