Homeနိုင်ငံတကာသတင်းMove Forward ပါတီ အမတ်ဟောင်း ၄၄ ဦးကို ဘုရင်စနစ်ကိုပြင်ဆင်ဖို့ ကြိုးပမ်းမှုနဲ့ အပြစ်ရှိတယ်လို့ ဆို

Move Forward ပါတီ အမတ်ဟောင်း ၄၄ ဦးကို ဘုရင်စနစ်ကိုပြင်ဆင်ဖို့ ကြိုးပမ်းမှုနဲ့ အပြစ်ရှိတယ်လို့ ဆို

၉ ဖေဖော်ဝါရီ ၂၀၂၆

ထိုင်းနိုင်ငံမှာ ဘုရင်ကြည်ညိုပျက်စေမှု ဥပဒေအဖြစ် သိကြတဲ့ ရာဇသတ်ကြီးပုဒ်မ ၁၁၂ ကို ပြင်ဆင်ဖို့ အဆိုပြုရာမှာ ပါဝင်လက်မှတ်ထိုးခဲ့တဲ့ Move Forward Party အမတ်ဟောင်း ၄၄ ဦးဟာ ပြင်းထန်တဲ့ ကျင့်ဝတ်စံနှုန်းတွေကို ချိုးဖောက်ခဲ့ကြောင်း အမျိုးသား အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် (NACC) က ဆုံးဖြတ်လိုက်ပြီး အမှုကို ထိုင်း တရားလွှတ်တော်ချုပ် သို့ လွှဲပြောင်းပေးပို့မယ်လို့ ကြေညာပါတယ်။

NACC အစည်းအဝေးအပြီး ထုတ်ပြန်ချက်အရ ရာဇသတ်ကြီးပုဒ်မ ၁၁၂ ပြင်ဆင်ရေး ဥပဒေကြမ်းမှာ အတူတကွ လက်မှတ်ရေးထိုးခဲ့တဲ့ အမတ် ၄၄ ဦးစလုံးအပေါ် အရေးယူဖို့ လုံလောက်တဲ့ အကြောင်းပြချက်တွေ တွေ့ရှိခဲ့တာကြောင့် တရားလွှတ်တော်ချုပ်ရဲ့ နိုင်ငံရေးရာထူးရယူထားသူများဆိုင်ရာ ခုံရုံးသို့ ပို့ဆောင်သွားမယ်လို့ ဆိုပါတယ်။

အဲ့ဒီအမတ်ဟောင်းတွေထဲမှာ လက်ရှိ People’s Party ခေါင်းဆောင် နတ်သဖုန်း ရူအန်ပန်ညာဝတ် နဲ့ ဒုတိယခေါင်းဆောင်၊ ဝန်ကြီးချုပ်လောင်း စီရီကန်ညာ တန်စကူးလ်တို့လည်း ပါဝင်ပါတယ်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလမှာ ထိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက Move Forward ပါတီရဲ့ ဥပဒေပြင်ဆင်ရေး စည်းရုံးလှုံ့ဆော်မှုဟာ စည်းမျဉ်းခံဘုရင်စနစ်ကို ဖြိုဖျက်ရန် ကြိုးပမ်းမှုဖြစ်တယ်လို့ ဆုံးဖြတ်ခဲ့ပြီး အဲ့ဒီလုပ်ရပ်တွေကို ရပ်တန့်ဖို့ အမိန့်ပေးခဲ့ပါတယ်။ အဲ့ဒီဆုံးဖြတ်ချက်နောက်ပိုင်း ၂၀၂၄ ခုနှစ် ဩဂုတ်လမှာ Move Forward ပါတီကို ဖျက်သိမ်းခဲ့ပြီး ပါတီအလုပ်အမှုဆောင် ၁၁ ဦးကို ၁၀ နှစ်ကြာ နိုင်ငံရေးလုပ်ကိုင်ခွင့် ပိတ်ပင်ခဲ့ပါတယ်။

ထိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၃၅ အရ နိုင်ငံရေးရာထူးရယူထားသူတစ်ဦးဟာ ပြင်းထန်တဲ့ ကျင့်ဝတ်ချိုးဖောက်မှု ကျူးလွန်ကြောင်း NACC က တွေ့ရှိပါက အမှုကို တရားလွှတ်တော်ချုပ်သို့ လွှဲရမယ်လို့ သတ်မှတ်ထားပါတယ်။ တရားရုံးက အမှုကို လက်ခံစစ်ဆေးချိန်ကစပြီး နောက်ဆုံးစီရင်ချက် မချမီအထိ စွပ်စွဲခံရသူတွေဟာ တာဝန်ထမ်းဆောင်ခွင့် ရပ်ဆိုင်းခံရမှာဖြစ်ပါတယ်။

အပြစ်ရှိကြောင်း စီရင်ချက်ချမှတ်ခံရပါက အဲ့ဒီအမတ်ဟောင်းတွေဟာ အမတ်၊အထက်လွှတ်တော်အမတ် သို့မဟုတ် ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့ဝင်အဖြစ် ရွေးကောက်ပွဲဝင်ခွင့် တစ်သက်တာ ပိတ်ပင်ခံရနိုင်သလို မဲပေးခွင့်ကိုလည်း ၁၀ နှစ်အထိ ရုပ်သိမ်းခံရနိုင်ပါတယ်။

ဓာတ်ပုံ – Khaosod

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး