ကိုးကန့်တပ်ဖွဲ့ (MNDAA) စစ်ရေးအုပ် ချုပ်မှုကော်မတီကနေ ဖမ်းဆီးရမိထားတဲ့ တရုတ်ကျောင်းဆရာမကို မုဒိမ်းကျင့်သတ်ဖြတ်သူအပါ ရာဇဝတ်မှုကျူးလွန်သူ ၇ဦးကို ဒီကနေ့ စက်တင်ဘာ ၂၆ ရက် မနက် ၇နာရီအချိန်မှာ အများပြည်သူရှေ့ သေဒဏ်ချမှတ်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
သေဒဏ်ချမှတ်လိုက်သူတွေထဲမှာ ပါဝင်သူတွေကတော့ ရှမ်းပြည်နယ် သိန္နိမြို့၊ စယ်အူကျေးရွာအုပ်စု မန်ပန်ရွာမှာ တရုတ်ကျောင်းဆရာမတစ်ဦးကို မုဒိမ်းကျင့်သတ်ဖြတ်သူအပါ အခြားသတ်ဖြတ်မှု၊ လက်နက်ကိုင်လုယက်မှုနဲ့ ပြန်ပေးဆွဲငွေညစ်မှု ကျူးလွန်သူတွေပါဝင်တယ်လို့ ဆိုပါတယ်။
ပြစ်မှုကျူးလွန်တဲ့ ၇ဦးထဲက ၂ ဦးကို ဒီနေ့ စက်တင်ဘာ ၂၆ ရက်နေ့မှာ သေဒဏ်ချမှတ်ခဲ့ပြီး၊ အဲဒီထဲမှာ တရုတ်လူမျိုး ၃ ယောက်နဲ့ ဗမာလူမျိုး ၄ ယောက်ပါဝင်ကာ မုဒိမ်းမှု၊ လူသတ်မှု၊ ပြန်ပေးဆွဲမှု၊ ခိုးမှု၊ လုယက်မှု တွေပါတယ်လို့ အဲဒီဒေသခံတဦးက New Day Myanmar ကိုပြောပါတယ်။
“ဟိုတလောက သိန္နီမှာ ဆရာမလေးတစ်ယောက် မတရားပြုကျင့်ခံရပြီး အသတ်ခံရတဲ့အမှု တရားခံကို ဒီနေ့ သိန္နီ ဈေးရှေ့မှာဘဲ သေဒဏ်ပေးတာပါ”လို့ အဲဒီဒေသ ခံကဆိုပါတယ်။




သိန္နီမြို့ကို ထိန်းချုပ်ထားတဲ့ ကိုးကန့်တပ်ဖွဲ့ (MNDAA)ဟာ ယခုစက်တင် ဘာလအတွင်း သိန္နီမြို့ကို စစ်ကော်မရှင်ထံ
ပြန်အပ်ရမည်လို့ သတင်းထွက်ပေါ်နေချိန် အခုလိုပြစ်ဒဏ်စီရင်ခြင်း လုပ်ဆောင်လာတာဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၁၀ ရက်နေ့မှာလည်း လားရှိုးမြို့မှာ မုဒိမ်းမှုကျူးလွန်သူခဲ့တဲ့ ကိုးကန့်တပ်ဖွဲ့ဝင်တစ်ဦးကို တစ်သက်တစ်ကျွန်း ထောင်ဒဏ်နဲ့ လူသတ်မှု၊ ခိုးမှု၊ လုယက်မှု ကျူးလွန်သူ ၇ ဦးကို အများပြည်သူရှေ့ စီရင်ချက် ချမှတ်ခဲ့ပါသေးတယ်။


