ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLFရဲ့ ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားဦးဆောင်တဲ့ ကိုယ်စားလှယ်တွေနဲ့ စစ်ကောင်စီရဲ့ ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦး ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တို့ အပစ်အခတ်ရပ်စဲနိုင်ရေး တရုတ်နိုင်ငံ ကူမင်းမြို့မှာ ဧပြီ ၂၈ ရက်နဲ့ ၂၉ ရက်က ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။။
ဆွေးနွေးပွဲမှာ စစ်ကောင်စီကိုယ်စားလှယ်တို့က နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ် စတဲ့ ဒေသတွေကနေ လောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖြစ်တဲ့ နမ့်ဆန်နှင့် မန်တုံမြို့နယ်အတွင်းထိသို့ တအာင်းတပ်မတော် တပ်ဖွဲ့များအားလုံးကို ပြန်လည်ဆုတ်ခွာဖို့ တောင်ဆိုချက်ကို PSLF/TNLA က သဘောမတူခဲ့ဘူးလို့ TNLA က သတင်းထုတ်ပြန်ပါတယ်။
ဒါကြောင့် နှစ်ဖက်အပြန်အလှန်ဆွေးနွေးမှု ထပ်ဆင့်မတိုးနိုင်သေးဘဲ နှစ်ဖက်အပစ်အခတ်ရပ်စဲနိုင်ရေးအတွက် လာမည့်ဩဂုတ်လမှာ ထပ်မံတွေ့ဆုံံံံံဖို့ သဘောတူခဲ့ကြလို့ သိရပါတယ်။
လေကြောင်းက ဗုံးကြဲတာ၊ လက်နက်ကြီးတွေ ပစ်ခတ်တာ ဒရုန်းနဲ့ တိုက်ခိုက်တာ ထိုးစစ်ဆင်တာ စတဲ့ ပစ်ခတ်တိုက်ခိုက်မှုများအားလုံးရပ်တန့်ဖို့ တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပြန်လည်ဖွင့်လှစ်နိုင်ရေး၊ ဒေသတည်ငြိမ်အေးချမ်းရေးနဲ့ ကိုးကန့်တပ်ဖွဲ့ MNDAA လို တဆင့်တိုးအပစ်ခတ်ရပ်စဲရေးပြုလုပ်ဖို့ ရုတ်နိုင်ငံအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်းကမကထ ပြုနေတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။