Homeပြည်တွင်းသတင်းMDY PDF ထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်းအချုပ်ဆောင်ကို စစ်ကောင်စီလေကြောင်းက ဗုံးကြဲ

MDY PDF ထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်းအချုပ်ဆောင်ကို စစ်ကောင်စီလေကြောင်းက ဗုံးကြဲ

၂၉ အောက်တိုဘာ၊ ၂၀၂၄

ဖမ်းဆီးရမိခဲ့တဲ့ စစ်ကောင်စီသုံ့ပန်းတွေ ထားရှိတဲ့အဆောင်ကို စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်တဲ့အတွက် စစ်သုံ့ပန်း ၈ ဦးအပါအဝင် ၁၂ ဦးသေဆုံးကာ ၆၀ နီးပါး ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က သတင်းထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၂၈ရက်၊ ည ၆ နာရီခွဲဝန်းကျင်က စစ်ကောင်စီလေတပ်ဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲ့ စစ်သုံ့ပန်းတွေ ထားရှိတဲ့အချုပ်ဆောင်ကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ဘီလူးစစ်ကြောင်းက စစ်သုံ့ပန်းတွေအပါအဝင် တခြား စစ်သုံ့ပန်းတွေကို ထိန်းသိမ်းထားရှိတဲ့ အချုပ်ဆောင် အဆောက်အအုံကို ထိမှန်ခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် စစ်သုံ့ပန်း ၈ ဦးအပါအဝင် လူ ၁၂ ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၆၀ နီးပါး ရှိတယ်လို့ ဖော်ပြပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ဟာ စစ်ဆင်ရေးအတွင်း ဖမ်းဆီးရမိတဲ့ သုံ့ပန်းတွေကို သုံ့ပန်းဥပဒေနဲ့အညီ ကောင်းမွန်စွာ ထားရှိပေမယ့် စစ်ကောင်စီကတော့ စစ်တပ်ဖွဲ့ဝင်စစ်သုံ့ပန်းတွေရှိရာကို ပစ်မှတ်ထားပြီး လေကြောင်းက တိုက်ခိုက်နေတာကို တွေ့မြင်ရတယ်လို့ ဆိုပါတယ်။

လေယာဉ်ဗုံးထိမှန်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့ စစ်သုံ့ပန်းတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ဆေးကုသမှုတွေ လုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီလေတပ်ဟာ ပြီးခဲ့တဲ့စက်တင်ဘာ ၉ ရက်က ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ AA ထိန်းသိမ်းထားတဲ့အကျဉ်းစခန်းကိုလည်း လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် စစ်သုံ့ပန်းတွေနဲ့ အရပ်သားအကျဉ်းသား ၅၀ ကျော် သေဆုံးခဲ့ပါတယ်။

Photo – MDY PDF

ဆက်စပ် သတင်းများ

Most read