စစ်တောင်းမြစ်ရေမြင့်တက်လာတာကြောင့် ကရင်အမျိုးသားအစည်းအရုံး (KNU)ထိန်းချုပ်နယ်မြေ ခလယ်လွီထူခရိုင်၊ လယ်ဒိုမြို့နယ်ထဲက ကျေးရွာပေါင်း (၈၀)ရေနစ်မြှပ်ခဲ့တယ်လို့ KNU က ဒီနေ့ ဩဂုတ်(၅)ရက်မှာ အသိပေးထုတ်ပြန်လာပါတယ်။
ရေကြီးရေလျှံဖြစ်ပွားတဲ့ အဲဒီကျေးရွာက အိမ်ခြေ စုစုပေါင်း (၅,၄၉၅)လုံး၊ လူဦးရေစုစုပေါင်း (၂၈,၁၆၂)ဦးဟာ ရေဘေးသင့်ခဲ့ရသလို အဲဒီကျေးရွာက လယ်ဧက(၃၀,၀၀၀)ကျော်ဟာလည်း ရေနစ်မြုပ် ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။
ရေကြီးရေလျှံတာဟာ လွန်ခဲ့တဲ့ ဇူလိုင် ၂၄ ရက်ကနေ စတင်ဖြစ်ပွားခဲ့တာဖြစ်ပေမယ့် လက်ရှိ ဘယ်လိုအခြေအနေရှိနေတယ်ဆိုတာ သီးခြားအသိပေးထားတာမျိုးမရှိပါဘူး။
လတ်တလော အခြေအနေအရ ရေကြီးရေလျှံတာကြောင့် ယနေ့အချိန်အထိ အထက်တန်းကျောင်းတွေအပါအဝင် ကျောင်းပေါင်း(၃၇)ကျောင်း ပိတ်ထားရဆဲဖြစ်တယ်လို့သာ ဖော်ပြထားပါတယ်။
ပုံစာ- လယ်ဒိုမြို့နယ်တွင် ရေကြီးရေလျှံမှုကြောင့် ကျေးရွာ (၈၀) ရွာရေနစ်မြုပ်ကာ လယ်ဧက(၃၀,၀၀၀)ကျော် ရေလွှမ်းမိုးပျက်စီးကာ ကျောင်း (၃၇) ကျောင်းယာယီရပ်နားထားသည့်ပုံရိပ်များ


