ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ထဲက အွန်လိုင်းငွေလိမ် (ကျားဖြန့်)လုပ်ငန်းတွေ လုပ်ကိုင်တဲ့ KK Park အတွင်းကအဆောက်အအုံ ၁၀၁ လုံးကို ဖြိုချဖျက်ဆီးလိုက်တယ်လို့ ဒီကနေ့ နိုဝင်ဘာ ၉ ရက်မှာ စစ်ကော်မရှင်ရဲ့ ဝါဒဖြန့်သတင်းစာကနေဖော်ပြထားပါတယ်။
၎င်းတို့ရဲ့ ဖော်ပြချက်အရ KK Park အတွင်း အဆောက်အအုံ ၁၄၈ လုံးရှိတဲ့အနက် အဆောက်အအုံ ၁၀၁ လုံးကို ဖြိုချဖျက်ဆီးပြီး ကျန်ရှိတဲ့ ၄၇ လုံးကိုလည်း ဆက်လက်ဖြိုချ ဖျက်ဆီးသွားမယ်လို့ ဆိုထားပါတယ်။
ဒါအပြင် အွန်လိုင်းလောင်းကစားမှုတွေနဲ့
ဒုစရိုက်မှုတွေကျူးလွန်ခဲ့ကြတဲ့ ပြည်ပနိုင်ငံသား ၉၀ ရာခိုင်နှုန်းကျော်ဟာ ထိုင်းနိုင်ငံကတစ်ဆင့်ခံပြီး နယ်စပ်ဖြတ်ကျော် ရောက်ရှိလာတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီထဲက ပြည်ပနိုင်ငံသား ၁၀၇၆၂ ဦးကို စစ်ဆေးဖော်ထုတ် ထိန်းသိမ်းနိုင်တယ်လို့ဆိုထားပြီး လတ်ရှိမှာ ၉၄၀၃ ဦးကို ထိုင်းနိုင်ငံကတစ်ဆင့် သက်ဆိုင်ရာနိုင်ငံတွေ ပြည်နှင်လွှဲပြောင်းပေးနိုင်ခဲ့ကြောင်းနဲ့ ကျန်ရှိတဲ့ ပြည်ပနိုင်ငံသား ၁၃၅၉ ဦးကိုလည်း သက်ဆိုင်ရာနိုင်ငံတွေကိုလွှဲပြောင်းပေးဖို့ အသင့်ဖြစ်နေပြီလို့ဆိုထားပါတယ်။
“အာဏာပိုင်က လုပ်လို့ အာဏာပိုင်ကပြောလို့ ဒေသခံတွေ ဘာမှမလုပ်နိုင်ပေမယ့် ကျားဖြန့်ကိစ္စကို နိုင်ငံတကာက ဝင်စစ်ဆေးခွင့်ပြုလိုက်လေ၊အဆောက် အဦးတွေဖျက်ဆီးရုံနဲ့ မပြီးသွားဘူး၊ မြဝတီဒေသကို လာကြည့်လိုက်ပါ၊ ကျားဖြန့်လုပ်ငန်းတွေ ရပ်သွားပြီလားဆိုတာ။ နိုင်ငံတကာက ဝင်စစ်လို့ အခန့်မသင့်ရင် မူးယစ်ဆေးဝါးနဲ့ ပြည်တန်ဆာခန်းတွေပါ တွေ့ရလိမ့်မယ်”လို့ ကျားဖြန့်လုပ်ငန်းကို သိရှိထားတဲ့ ခိုင်လုံတဲ့သတင်းရင်းမြစ်တစ်ဦးက New Day Myanmar ကို ပြောပါတယ်။
ဒီလိုလုပ်ဆောင်ချက်ဟာ စစ်တပ်အနေနဲ့နိုင်ငံတကာဖိအားက ကင်းလွတ်ဖို့ ရုပ်ပြလုပ်ဆောင်နေတာဖြစ်ပြီး၊ တကယ်တမ်းမှာ မြဝတီခကိုင်းအတွင် ကျားဖြန့်လုပ် ငန်းတွေ အမြစ်တွယ်နေဆဲဖြစ်တယ်လို့ သူက ရှင်းပြပါတယ်။
အောက်တိုဘာ နောက်ဆုံးပတ်အတွင်း
KK Park ကို စစ်တပ်က ဝင်ရောက်စီးနင်းပြခဲ့ပေမယ့် အမှန်တကယ် ဩဇာသက် ရောက်တဲ့ တရုတ်သူဌေးတွေနဲ့နည်းပညာသမားတွေကို ကရင်နယ်ခြားစောင့်တပ် (BGF)က ရွေကုက္ကိုလ်ဘက်ကို သီးသန့်ခေါ်ထုတ်သွားပြီး နေရာချထားပေးတယ်လို့ မြဝတီမြို့က ခိုင်လုံတဲ့သတင်းရင်း မြစ်တဦးက New Day Myanmar ပြောကြားထားပါသေးတယ်။
ဓာတ်ပုံ-MOI


