ကရင်နယ်ခြားစောင့်တပ် (BGF) ခေါင်း ဆောင် ဗိုလ်မှူးကြီးစောချစ်သူရဲ့ KK Park ကို စစ်တပ်က ဝင်ရောက်စီးနင်းခဲ့တယ်ဆိုတဲ့ စစ်ကော်မရှင်ရဲ့ ထုတ်ပြန်ချက်ဟာ မဟုတ်မှန်ဘူးလို့ ဒေသခံတွေထံက သိရပါတယ်။
စစ်တပ်စီးနင်းခဲ့တာဟာ KK Park မဟုတ်ဘူး မယ်ထော်သလေးဒေသက က အစွယ်အပွားအဆောက်အအုံအသေးသာဖြစ်ပြီး KK Park ကိုတော့ စစ်တပ်ဝင်ရောက်စီးနင်းခဲ့တာမဟုတ်ဘူးလို့ ဆိုပါတယ်။
“KK Park နဲ့ မလှမ်းမကမ်းနေရာက အစွယ်အပွားဝန်းထဲက တိုက်ကိုဝင်တာပါ။ KK Park နားစစ်တပ်က ကပ်တောင်မသွားဘူး။”လို့ ဒေသခံ တဦးက New Day Myanmar ကိုပြောပါတယ်။
စစ်တပ်က မြ၀တီမြို့နယ်အတွင်းရှိ KK Parkကို စီးနင်းခဲ့ရာမှာ ဆောက်လုပ်ပြီးအဆောက်အအုံ ၁ ထပ်တိုက် ၁၀ လုံး၊ ၂ ထပ်တိုက် အလုံး ၁၀၀၊ ၄ ထပ်တိုက်အ လုံး၂၀၊ ၅ ထပ်တိုက် ၂ လုံး၊ ၁ ထပ်တိုက် ဈေးဆိုင်ခန်း၂၀ လုံး၊ ၂ ထပ်တိုက် ဈေး ဆိုင်ခန်း ၃၀ လုံး၊ ၁ ထပ်တိုက်ဂိုထောင် ၁၅ လုံး၊ ၂ ထပ်တိုက်ဂိုထောင် ၂၀ လုံး၊ ၄ ထပ်တိုက် ဂိုထောင် ၁၀ လုံး၊ ဆောက် လုပ်ဆဲ ၂ ထပ်တိုက် ၂၁ လုံး၊ ၃ ထပ်တိုက် ၁၀ လုံး၊ ၄ ထပ်တိုက် ၅ လုံး၊ ၅ ထပ်တိုက် ၅ လုံးနဲ့ ၁ ထပ်တိုက် ဆေးပေးခန်း ၂ ခန်းတို့ တွေ့ရှိသိမ်းဆည်းခဲ့တဲ့အပြင် Star Link စလောင်း အစုံ ၃၀ နဲ့ ဆက်စပ်ပစ္စည်းတွေသိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီမှာ အလုပ်လုပ်နေတဲ့ ၂ ထောင်ကျော်ကို မိတယ်လို့ စစ်တပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပေမယ့် ဖမ်းမိတဲ့ လူတွေကို တော့ ထုတ်ပြန်ချက်ထဲမှာ မတွေ့ရပါဘူး။


