ထိုင်း – မြန်မာနယ်စပ်ရှိ KK Park အွန်လိုင်းငွေလိမ်လုပ်ငန်း အတွက် မြေငှားရမ်းတာနဲ့ လုံခြုံရေး စောင့်ရှောက်ခ ရယူတာတွေအတွက် အကျိုးအမြတ်များရရှိနေတယ်လို့ စစ်ကော်မရှင် ဝါဒဖြန့်ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ ပြောဆိုမှုကို ကရင်အမျိုးသားအစည်းအရုံး KNU က ငြင်းဆိုလိုက်ပါတယ်။
စစ်ကော်မရှင်က စွပ်စွဲထားတဲ့ ဧက (၁၀၀) မြေကွက် (Trans – Asia International Holding Group (Thailand) Co. Ltd ကုမ္ပဏီ နဲ့ ပူးပေါင်းဆောင်ရွက်မှုကို မုလအိအလင်း ကုမ္မဏီက ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ကတည်းက ရပ်ဆိုင်း နှုတ်ထွက်ခဲ့ပြီး ဖြစ်တယ်လို့ KNU က အောက်တိုဘာ ၂၆ ရက်မှာ ထုတ်ပြန်ပါတယ်။
KK Park အွန်လိုင်း ငွေလိမ်လုပ်ငန်း လုပ်ကိုင်တဲ့ ဧက (၅၀၀) ရှိတဲ့ မြေကွက်တွေဟာ သီးခြားစီဖြစ်ပြီး မြေကွက် တခုနဲ့တခု (၃) ကီလိုမီတာအကွာမှာရှိတယ်လို့ လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဒါကြောင့် KK Park အွန်လိုင်းငွေလိမ်လုပ်ငန်းဟာ KNU နဲ့ မသက်ဆိုင်ဘဲ စစ်အုပ်စု ပြောရေးဆိုခွင့်ရှိသူရဲ့ စွပ်စွဲချက်ကို KNU အနေနဲ့ ပြတ်ပြတ်သားသားငြင်းဆိုတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်အုပ်စုရဲ့ မြန်မာနိုင်ငံရှိ အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေက နိုင်ငံရေး၊ စီးပွားရေးနဲ့စစ်ရေးအရ အကျိုးအမြတ်ရရှိနေမှုကို ဖုံးကွယ်လိုတဲ့ အတွက် KNU ကို စွပ်စွဲပြီး မဟုတ်မမှန်သော သတင်းအမှားဖြန့်ချိမှုသာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဓါတ်ပုံ – The Guardian


