၂၇ အောက်တိုဘာ၊ ၂၀၂၄
ကချင်လွတ်လပ်ရေးတပ်မတော်-KIA ရဲ့ ဖမ်းဆီးခံထားရတဲ့ Red News Agency က ကိုတာလင်းမောင် နဲ့ အလွတ်တန်းသတင်းထောက် ကိုနောင်ရိုးတို့ ဒီနေ့ အောက်တိုဘာ ၂၇ နေ့လည် ၁၂ နာရီဝန်းကျင်မှာ ပြန်လည် လွတ်မြောက်လာတယ်လို့သိရပါတယ်။
သူတို့နှစ်ဦးကို စက်တင်ဘာ ၂၉ ရက်နဲ့ ၃၀ ရက်တွေမှာ KIA တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ သူတို့နှစ်ဦး လွတ်မြောက်လာမှုကို မိသားစုဝင်တွေနဲ့ နီးစပ်သူတွေက အတည်ပြုထားပါတယ်။
“သူတို့ ဒီနေ့ ၁၂ လောက်ကလွတ်တယ် အခြေအနေကတော့ လောလောဆယ်ဆယ်အေးဆေးပါ ကိုတာလင်းမောင်နဲ့ကအဆက်အသွယ်ရပြီ ကိုနောင်ရိုးနဲ့တော့မရသေးဘူး” လို့ Red News Agency က ကိုဝင်းဇော်နိုင်က New Day Myanmar ကို ပြောပါတယ်။
လက်ရှိအချိန်မှာ ဖားကန့်ဒေသမှာ ဆက်သွယ်ရေးလိုင်းတွေ ခက်ခဲနေတဲ့အတွက် သူတို့နှစ်ဦးနဲ့တိုက်ရိုက်အဆက်အသွယ်ရဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။
သူတို့နှစ်ဦးဖမ်းဆီးခံထားတဲ့အတွက် အမြန်ဆုံးလွှတ်ပေးဖို့ နယူးယောက်အခြေစိုက် CPJ- Committee to Protect Journalists နဲ့ IMJA – Independent Myanmar Journalists Association တို့က အောက်တိုဘာ ၂၃ ရက်မှာ တောင်းဆိုခဲ့ပါတယ်။