Homeပြည်တွင်းသတင်းKIA နဲ့ PDF ကို ချေမှုန်းဖို့ ဦးစခုန်တိမ့်ယိမ်း စစ်မိန့်ထုတ်ခဲ့တဲ့အပေါ် မထုတ်ပြန်သင့်တဲ့အမိန့်ဖြစ်ကြောင်း ဒုဗိုလ်ချုပ်ကြီး ဂွန်မော် မှတ်ချက်ချ

KIA နဲ့ PDF ကို ချေမှုန်းဖို့ ဦးစခုန်တိမ့်ယိမ်း စစ်မိန့်ထုတ်ခဲ့တဲ့အပေါ် မထုတ်ပြန်သင့်တဲ့အမိန့်ဖြစ်ကြောင်း ဒုဗိုလ်ချုပ်ကြီး ဂွန်မော် မှတ်ချက်ချ

၁၀ စက်တင်ဘာ၊ ၂၀၂၄

ကချင်ပြည်နယ်၊ အထူးဒေသ(၁)ဥက္ကဋ္ဌ ဦးစခုန်တိန့်ယိမ်းက KIA နဲ့ PDF တွေကို ရှေ့နောက်ပိတ်ပြီး တိုက်ခိုက်ချေမှုန်းဖို့ ပြီးခဲ့တဲ့ ဇွန်လက စစ်မိန့်ထုတ်ပြန်ခဲ့တဲ့အပေါ် KIO ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်က “မထုတ်ပြန်သင့်တဲ့အမိန့်” လို့ မှတ်ချက်ချပြီး လူမှုကွန်ယက်မှာ ဒီနေ့မနက်က တင်ခဲ့ပါတယ်။

ကချင်ပြည်နယ်အထူးဒေသ(၁) ဥက္ကဋ္ဌ ဦးစခုန်တိန့်ယိမ်းဟာ နယ်ခြားစောင့်တပ်(BGF) နဲ့ ကချင်ပြည်သူ့စစ်ခေါင်းဆောင် တစ်ဦးလည်း ဖြစ်ပါတယ်။ သူက နယ်ခြားစောင့်တပ်ဖွဲ့ ၁၀၀၁၊ ၁၀၀၂၊ ၁၀၀၃တပ်ဖွဲ့တွေနဲ့ ဒေသ လက်နက်ကိုင် ပြည်သူ့စစ်ရဲဘော်တွေကို တိုက်ခိုက်လာတဲ့ KIAနဲ့ PDFတွေကို ရှေ့နောက်ပိတ်ပြီး တိုက်ဖို့နဲ့ ပြန်လည် ထွက်ခွာခွင့်မပေးဖို့ စစ်မိန့် ထုတ်ပြန်ခဲ့ပါတယ်။

ဗိုလ်ချုပ်ဂွန်မော်က ဦးစခုန်တိန့်ယိမ်းရဲ့ စစ်မိန့်မှာ ပါဝင်တဲ့ အဓိကအချက်တွေကို မှင်နီတားပြီး “ မထုတ်ပြန်သင့်သော စစ်မိန့်” လို့ မှတ်ချက်ချ ရေးသားခဲ့တာကို လူမှုကွန်ယက်မှာ ဒီနေ့ စက်တင်ဘာ ၁၀ ရက်မှာ တင်ခဲ့ပါတယ်။

ဒီစစ်မိန့်ထုတ်ပြန်တဲ့ ဇွန်လ ဝန်းကျင်မှာ KIAနဲ့ တော်လှန်ရေးတပ်တွေဟာ ဝိုင်းမော် – ချီဖွေလမ်းပိုင်းက စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်နဲ့ BGFစခန်းတွေကို တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ အချိန်ဖြစ်ပါတယ်။ ဇွန်လ ၁၁ရက်မှ ၁၄ရက်အတွင်း KIA နဲ့ ပူးပေါင်းတပ်တွေဟာ ဆဒုံးဗျူဟာအပါအဝင် စစ်ကောင်စီတပ်စခန်းတွေ၊ ပြည်သူ့စစ်စခန်း ၊ နယ်ခြားစောင့်စခန်းတွေ စုစုပေါင်း တပ်စခန်း ၂၀ ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ပုံစာ – ဦးစခုန်တိမ့်ယိမ်း စစ်မိန့်ကို ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော် လူမှုကွန်ယက်မှာ ပြန်ပြီးတင်ထားတဲ့ပုံ

Photo – Gummaw Sumlut

ဆက်စပ် သတင်းများ

Most read