၉ ဒီဇင်ဘာ၊ ၂၀၂၄
KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ဗန်းမော်မြို့တွင်းလှည့်လည်နေတဲ့ရုပ်သံဖိုင် ထွက်ပေါ်လာပေမယ့် မြို့တွင်းမှာ ပစ်ခတ်မှုတွေ ဆက်ဖြစ်ပွားနေကြောင်း ဒေသခံတွေက ပြောဆိုပါတယ်။
ဗန်းမော်မြို့တွင်းကို KIA နဲ့ ပူးပေါင်းတပ်တွေ ကားနဲ့လှည့်လည်နေတဲ့ ရုပ်သံဖိုင်ပေါ်ထွက်နေပြီး ဗန်းမော်မြို့သိမ်းတိုက်ပွဲပြီးဆုံးသွားပြီလို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် ဒီဇင်ဘာလ ၉ ရက် နေ့လည်ပိုင်းထိ မြို့တွင်းမှာ ဆက်ပြီး ပစ်ခတ်သံတွေကြားနေရကြောင်း ဒေသခံတစ်ဦးက ဆိုပါတယ်။
“လက်ရှိကတော့ GTC တို့၊ ကွန်ပျူတာတက္ကသိုလ်တို့၊ ဗန်းမော်တက္ကသိုလ်တို့လို မြို့တွင်းမကျတဲ့နေရာတွေက အခြေအနေဆိုးတာပေါ့နော် ။ ဗန်းမော်ကစစ်ရှောင်တာတော့ ရွှေကူဘက်၊ မြစ်ကြီးနားဘက်ကို ပြေးကြတယ်။ လက်နက်ကြီးတွေလည်း ကျတယ်။ မြို့မှာက လူက တစ်ဝက်ကျော်ကျော် သုံးပုံ နှစ်ပုံလောက်ပိတ်မိနေတဲ့အနေအထားမှာ ရှိတယ်။ လူတွေလည်း သေတယ် အယောက် နှစ်ဆယ်သုံးဆယ်မကဘူး သေကြတယ်၊ အတိအကျတော့ မပြောနိုင်ဘူး၊ ဘယ်သူမှ ဒီအချိန်ကြီး ဘယ်သူ ဘယ်လောက်သေတယ်လိုက်မကြည့်နိုင်ဘူး” လို့ ဗန်းမော်က စစ်ရှောင်လာတဲ့ ဒေသခံတစ်ဦးက New Day Myanmar က ပြောပါတယ်။ “အပြီးသိမ်းနိုင်တော့မယ်ထင်တယ်ဗျ” လို့ ဒေသခံက ဆက်ပြီးပြောပြပါတယ်။
လူနေရပ်ကွက်တွေထဲကို လက်နက်ကြီး ကျရောက်မှုတွေ ရှိနေပြီး ဘယ်ဘက်က ပစ်ခတ်တယ်ဆိုတာ မသိရဘူးလို့လည်း ဒေသခံတွေက ပြောဆိုပါတယ်။ ဗန်းမော်မြို့သိမ်းတိုက်ပွဲကို ဒီဇင်ဘာ ၄ ရက်က စတင်ခဲ့တာဖြစ်ပြီး ဒီနေ့ဆို ဗန်းမော်မြို့ထဲကို KIA တပ်တွေ ထိန်းချုပ်နိုင်ပြီလို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။
ပုံစာ – ရုပ်သံဖိုင်ထဲက ဗန်းမော်မြို့ မြင်ကွင်း
Photo – Screengrab