၂၇ ဇန်နဝါရီ ၂၀၂၆
အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုပြီး ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားတဲ့ အမှုနဲ့ ပတ်သက်ပြီး သွားရောက် လျှောက်လဲ ဖြေရှင်းနေတဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ကို ထောက်ခံကြောင်း အမျိုးသားရေးဝါဒီအဖွဲ့တွေက ဒီနေ့ ရန်ကုန်မြို့မှာ စုပေါင်းထောက်ခံပွဲ ပြုလုပ်ခဲ့ပါတယ်။
အဆိုပါ ထောက်ခံပွဲကို ဇန်နဝါရီ ၂၇ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှေ့မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ဆန္ဒထုတ်ဖော်ပွဲမှာ ဆရာတော် အရှင်သုစိတ္တ၊ ဦးဝင်းကိုကိုလတ်နဲ့ ဦးထိန်လင်းတို့က ဦးဆောင်ဟောပြောခဲ့ကြပါတယ်။
ထောက်ခံပွဲကို အမျိုးသားရေးအဖွဲ့တွေ ရာနဲ့ချီ စုပေါင်းပါဝင်ခဲ့ကြပြီး “မြန်မာကိုယ်စားလှယ်အဖွဲ့ အောင်မြင်ပါစေ”“လူမျိုးတုံးသတ်ဖြတ်တယ်လို့ မမှန်မကန် စွပ်စွဲတာကို အလိုမရှိ”“သက်သေခိုင်လုံမှုမရှိဘဲ စွပ်စွဲနေတာကို ချက်ချင်းရပ်” စတဲ့ စာတန်းတွေ ကိုင်ဆောင်ကြွေးကြော်ခဲ့ကြပါတယ်။
လက်ရှိ ICJ အမှုအခြေအနေအရ ဂမ်ဘီယာဘက်က မြန်မာနိုင်ငံဟာ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုပြီး စွပ်စွဲထားတဲ့ အမှုကို အဓိက အမှုအဖြစ် ဆက်လက် ကြားနာနေဆဲဖြစ်ပြီး၊ တရားရုံးက ၂၀၂၀ ခုနှစ်မှာ ချမှတ်ခဲ့တဲ့ ယာယီအမိန့်တွေ (provisional measures) ကိုလည်း ဆက်လက် လိုက်နာရမယ်လို့ ထားရှိထားဆဲဖြစ်ပါတယ်။
အဲဒီ ယာယီအမိန့်တွေထဲမှာ ရိုဟင်ဂျာတွေကို ကာကွယ်ပေးဖို့၊ လူမျိုးတုံးသတ်ဖြတ်မှု ထပ်မံမဖြစ်အောင် ကာကွယ်ရေးဆောင်ရွက်ဖို့နဲ့ သက်သေအထောက်အထားတွေကို ဖျက်ဆီးမပစ်ဖို့ စတဲ့ အချက်တွေ ပါဝင်နေပါတယ်။ လက်ရှိမှာတော့ နှစ်ဖက်လုံးက လျှောက်လဲချက်တွေကို အဆင့်လိုက် တင်သွင်းနေဆဲဖြစ်ပြီး နောက်ဆုံးအဆုံးအဖြတ် ဆုံးဖြတ်ချက်ကိုတော့ ICJ က မချမှတ်သေးပါဘူး။
ဒီနေ့ ပြုလုပ်ခဲ့တဲ့ ထောက်ခံပွဲကို မွန်းလွဲ ၂ နာရီကနေ ညနေ ၅ နာရီအထိ ပြုလုပ်ခဲ့ပါတယ်။
ဓာတ်ပုံ – CJ


