၉ ဖေဖော်ဝါရီ ၂၀၂၆
အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ တရားစွဲဆိုခံရတာဟာ “အဆိုးထဲက အမြတ်တစ်ခု” ဖြစ်တယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။
ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုနဲ့ ICJ မှာ တရားစွဲဆိုထားတဲ့ အမှုဟာ မြန်မာနိုင်ငံအတွက် အလွန်ကြီးမားတဲ့ စိန်ခေါ်မှုတစ်ရပ်ဖြစ်ပေမယ့် အဲ့ဒီစိန်ခေါ်မှုကနေ အကျိုးအမြတ်ရအောင် ဆောင်ရွက်နိုင်ခဲ့တယ်လို့ စစ်ခေါင်းဆောင်က ဆိုပါတယ်။
အဲ့ဒီလို ပြောကြားခဲ့တာဟာ ဖေဖော်ဝါရီ ၈ ရက်နေ့ ညနေပိုင်းမှာ ICJ ကို သွားရောက်ဖြေရှင်းခဲ့တဲ့ စစ်ကော်မရှင် ကိုယ်စားလှယ်အဖွဲ့ကို ညစာစားပွဲနဲ့ ဧည့်ခံစဉ်အတွင်း ဖြစ်ပါတယ်။
စစ်ခေါင်းဆောင်က “နှစ်ပေါင်းများစွာ ဆက်လက်ရှိနေခဲ့တဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်း ပြဿနာရဲ့ အရင်းအမြစ်ဖြစ်တယ်လို့ ဆိုတဲ့ နိုင်ငံရေးအရ လုပ်ကြံဖန်တီးထားတဲ့ အမည်အမှတ်သရုပ်လက္ခဏာတစ်ရပ်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံရဲ့ ရပ်တည်ချက်ကို နိုင်ငံတကာစင်မြင့်မှာ အထောက်အထားအခိုင်အမာနဲ့ တင်ပြခွင့်ရခဲ့တာဟာ အကျိုးအမြတ်တစ်ခုဖြစ်တယ်” လို့ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ICJ မှာ သွားရောက်ဖြေရှင်းခဲ့ရတဲ့ လုပ်ငန်းစဉ်အတွင်း နိုင်ငံတကာအဆင့် ဥပဒေရေးရာ အတွေ့အကြုံတွေ ရရှိခဲ့ပြီး နောက်ထပ် အလားတူ ဥပဒေကြောင်းဆိုင်ရာ စိန်ခေါ်မှုတွေ ကြုံလာပါက ဘယ်လို ပြင်ဆင်ဆောင်ရွက်သွားမလဲဆိုတဲ့ အသိအမြင်ဗဟုသုတတွေ ရရှိခဲ့တယ်လို့လည်း ဆိုပါတယ်။
ICJ မှာ သွားရောက်ဖြေရှင်းခဲ့တဲ့ စစ်ကော်မရှင် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် နှစ်ဦးအပါအဝင် ကိုယ်စားလှယ်အဖွဲ့ဝင်အားလုံးကို အထူးကျေးဇူးတင်ကြောင်းနဲ့ ဂုဏ်ပြုကြောင်းကိုလည်း စစ်ခေါင်းဆောင်က ထပ်မံပြောကြားခဲ့ပါတယ်။
ဒါပေမယ့် လူ့အခွင့်အရေးလှုပ်ရှားသူတွေ၊ နိုင်ငံရေးသုံးသပ်သူတွေကတော့ ICJ မှာ တရားစွဲဆိုခံရတာဟာ မည်သည့်နိုင်ငံအတွက်မှ ဂုဏ်ယူစရာ မဟုတ်ဘဲ စစ်တပ်ရဲ့ ရိုဟင်ဂျာလူမျိုးအပေါ် ကျူးလွန်ခဲ့တဲ့ လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားမဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ အပြည်ပြည်ဆိုင်ရာ ဥပဒေရေးရာ တာဝန်ယူမှုတစ်ရပ်သာ ဖြစ်တယ်လို့ ပြောဆိုကြပါတယ်။
“ရှယ်ဖွယ်ပြောဆိုမှုပါပဲ။ အပြည်ပြည်ဆိုင်ရာတရားရုံး မှာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ သွားရင်ဆိုင်ရတာက နိုင်ငံအတွက် အရှက်ရစရာပါ။”လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတဦးက ပြောပါတယ်။
အထူးသဖြင့် ICJ ကြားနာပွဲတွေမှာ စစ်တပ်ဘက်က ကိုယ်စားလှယ်တွေဟာ ရိုဟင်ဂျာပြည်သူတွေကို ဆန့်ကျင်တဲ့ အမြင်နဲ့ စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကို အရှက်မဲ့မဲ့ ကာကွယ်ပြောဆိုခဲ့ကြတာကို နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေက ပြင်းထန်စွာ ဝေဖန်ထားပါတယ်။
လူ့အခွင့်အရေးအဖွဲ့တချို့ကတော့ လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်နဲ့ ICJ မှာ တရားစွဲဆိုခံနေရတဲ့ အခြေအနေကို “အမြတ်” လို့ ခေါ်ဆိုတာဟာ သေဆုံးခဲ့ရတဲ့ ရိုဟင်ဂျာပြည်သူတွေ၊ နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ဒုက္ခသည်သန်းနဲ့ချီရဲ့ နာကျင်မှုတွေကို လျစ်လျူရှုခြင်းဖြစ်ပြီး နိုင်ငံတစ်နိုင်ငံအတွက် အရှက်ရစရာ ဖြစ်ရပ်တစ်ရပ်သာ ဖြစ်တယ်လို့ သုံးသပ်ထားကြပါတယ်။
ဓာတ်ပုံ – MOI


