၁၆ ဖေဖော်ဝါရီ၊ ၂၀၂၅
ရန်ကုန်မြို့၊ လှိုင်မြို့နယ်က ဘာတာဈေးခေါ် လှိုင်ရတနာဈေး ဖေဖော်ဝါရီ ၁၆ ရက် ဒီနေ့မနက် ၁၂ နာရီ ဝန်းကျင်က မီးလောင်ကျွမ်းမှုဖြစ်ပွားပြီး ဆိုင်ခန်းပေါင်း ၃၈၀ ကျော်ပျက်စီးဆုံးရှုံးခဲ့ကာ လူတစ်ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
လှိုင်ရတနာဈေးမှာ Hypermarket ဖြစ်လာဖို့ စီမံကိန်းရှိထားပြီး ဆိုင်ခန်းတွေ ခွဲဝေမှု သဘောတူညီမှုမရသေးတာကြောင့် ကြန့်ကြာနေတာဖြစ်တယ်လို့ မီးလောင်သွားတဲ့ ဆိုင်ခန်းပိုင်ရှင်တစ်ဦးက ပြောဆိုပါတယ်။
“နေရာကောင်း လေ ၊ hypermarket plan ရှိထားပေမယ့် နေရာချထားရေး ဆိုင်ခန်းပြန်အပ်ရေး အဝေမတည့်လို့ ကြန့်ကြာနေတဲ့ နေရာ ၊ အကောင်ကြီးတွေ စားကျက်လုရင်း အဝေမတည့်တဲ့နေရာ။ အဲ့ဒါကြောင့် မီးသတ်ဘေးမှာရှိနေလျက်နဲ့ တဈေးလုံး ကုန်တာပဲ” လို့ သတင်းရင်းမြစ်တစ်ဦးက New Day Myanmar ကို ပြောပါတယ်။
မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာန ထုတ်ပြန်ချက် အရ Level 2 အဆင့် ရောက်ရှိခဲ့ပြီး မနက် ၁ နာရီကျော်မှာ မီးငြိမ်းခဲ့တာကြောင့် မီးလောင်ကျွမ်းချိန် ၁ နာရီ ကျော်ကြာမြင့်ခဲ့ပါတယ်။ မီးသတ်ဦးစီးဌာနက မီးလောင်ရတဲ့ အကြောင်းရင်းနဲ့ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို ထုတ်ပြန်ကြေညာခြင်း မရှိသေးပါဘူး။
“လှိုင်ဘာတာဈေးက မီးသတ်နဲ့လည်း ခြေလှမ်း ၂၀သာသာနဲ့ရောက်တယ်၊ မရမ်းကုန်းမီးသတ်နဲ့လည်း နီးတယ်။ မီးသတ်ကားလဲ အစီး ၂၀၊ ၃၀ လောက်လာတယ် မီးက ထိန်းလို့ မရတော့ဘူး။ ခနလေးနဲ့မီးညွန့်တွေ အကြီးကြီးဖြစ်ပြီး အကုန်ပြာကျကုန်တာ၊ အစထဲက မီးက ဘယ်ချိန်ထဲက လောင်လဲမသိဘူး ၁၂ နာရီကျော်ကျော်မှာ စလောင်တာ သိတော့ မီးက တော်တော်ကြီးနေပြီ” လို့ လှိုင်မြို့နယ်နေ ပြည်သူတစ်ဦးက New Day Myanmar ကို ပြောပါတယ်။
ဘာတာဈေးဟာ လှိုင်မြို့နယ်နေ ပြည်သူတွေအပြင် တခြားမြို့နယ်တွေကလည်း ဆိုင်ခန်းလာဖွင့်တဲ့ လာဝယ်တဲ့ ဈေးရောင်းဈေးဝယ်တွေ ရှိပြီး မီးလောင်ကျွမ်းမှုကြောင့် မျက်နှာစာတန်းဆိုင်ခန်းတွေကလွဲရင် အကုန် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။ ဒေသခံတွေ ပြောဆိုမှုအရ မီးလောင်မှုအတွင်း ဈေးရုံခြောက်ရုံမှ ဆိုင်ခန်း ၂၆၈ ခန်း၊ ပျံကျဈေးရုံသုံးရုံမှ ဆိုင်ခန်း ၁၂၀ ဝန်းကျင် စုစုပေါင်း ဆိုင်ခန်း ၃၈၀ ကျော် မီးလောင်ကျွမ်းခဲ့တယ်လို့ သိရပါတယ်။
မီးလောင်ပျက်စီးတဲ့ဆိုင်တွေထဲမှာ အထည်အလိတ်ဆိုင်တွေ၊ လူသုံးကုန်ပစ္စည်းဆိုင်တွေ ပါဝင်ပြီး ဈေးအတွင်း မပျက်စီးဘဲ ကျန်နေတဲ့ ဆိုင်ခန်းပိုင်ရှင်တွေကို ဈေးကော်မတီက ဒီနေ့မှာ လာသယ်ခိုင်းထားတယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီ ၁၄ ရက် မနက် ၄ နာရီဝန်းကျင်မှာလည်း ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်၊ အဝေးပြေးကားဝင်းနားက သီရိရတနာဈေးမှာ မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။ ဒါ့အပြင် သင်္ကန်းကျွန်းမြို့နယ်က တိုက်ခန်းတစ်ခုမှာ မီးလောင်ခဲ့တဲ့အတွက် လူတစ်ဦးသေဆုံးခဲ့ပါတယ်။
ဓာတ်ပုံ – CJ