Homeပြည်တွင်းသတင်းHealing သင်တန်းဆရာတစ်ဦးက ဘာသာရေးခေါင်းစဉ်တပ်ပြီး အမျိုးသမီးငယ်တွေကို လိင်အမြတ်ထုတ်မှုဖြစ်ပွား

Healing သင်တန်းဆရာတစ်ဦးက ဘာသာရေးခေါင်းစဉ်တပ်ပြီး အမျိုးသမီးငယ်တွေကို လိင်အမြတ်ထုတ်မှုဖြစ်ပွား

၁၀ မတ်၊ ၂၀၂၅

Reiki Healing သင်တန်းဖွင့်လှစ်ထားသူ နည်းပြက သင်တန်းသူ အမျိုးသမီးငယ်တွေကို အိမ်ထောင်ရှိမရှိမေးပြီး အိမ်ထောင်မရှိသူ အပျိုတွေကို Reiki Healing ပညာရပ်နဲ့ဘာသာရေးများကို ခေါင်းစဉ်တပ်ပြီး လိင်အမြတ်ထုတ်ခဲ့တဲ့အတွက် လူမှုကွန်ယက်မှာ ဝေဖန်မှုများပြားနေပြီး ဟိန္ဒူဘာသာရေးခေါင်းစဉ်တပ်ခဲ့တဲ့အတွက်လည်း ဟိန္ဒူဘာသာရေးအသိပညာအဖွဲ့က ကန့်ကွက်ကြောင်းထုတ်ပြန်ထားပါတယ်။

ဒီဖြစ်စဉ်က ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း ရန်ကုန်မြို့မှာလုပ်ခဲ့တဲ့ လူတွေ့ Healing နှင့် Attunement (ပညာအပ်ခြင်း) ပွဲမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ အိမ်ထောင်မရှိတဲ့ သင်တန်းသူတွေရဲ့ အရေးကြီး မ ခန္ဓာကိုယ်အစိတ်အပိုင်းကို သူ့လက်နဲ့ ထိကိုင်ထားပြီး Kegal Exercise လုပ်ခိုင်းခြင်း၊ သူ့ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းနဲ့ နောက်ကျောက ထောက်ခြင်းတို့ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

မိမိရဲ့သင်တန်းသူတွေကို လိင်ပိုင်းဆိုင်ရာနှောင့်ယှက်ခဲ့တဲ့အပေါ် သင်တန်းဆရာမက အစည်းအဝေးမှာ မေးမြန်းတဲ့အခါမှာ သင်တန်းနည်းပြက ဘာသာရေးကို အကာအကွယ်ပြုလုပ်ကာ ငြင်းဆိုခဲ့ပြီး သင်တန်းက ဆရာ၊ ဆရာမတချို့က ကျူးလွန်သူဆရာဘက်က ဘာသာရေးအကြောင်းပြကာ ခုခံပေးခဲ့ပါတယ်။ ကျူးလွန်သူအမျိုးသားဟာ အိန္ဒိယနွယ်ဖွားဖြစ်ပြီး ဟိန္ဒူဘာသာက ဗုဒ္ဓဘာသာအဖြစ် ပြောင်းလဲခံယူထားသူဖြစ်ပါတယ်။

“ကျူးလွန်သူတို့ဟာ လိင်အမြတ်ထုတ်မှုများကို ဗုဒ္ဓဘာသာမှ ဝိပဿနာကိုလည်းကောင်း၊ ဟိန္ဒူဘာသာမှ တန္တြအားလည်းကောင်း မိမိတို့ စိတ်ဆန္ဒအရ ယူသုံးပြီး အကာအကွယ်ယူသုံးခဲ့ကြောင်း အသံဖိုင်များမှ တစ်ဆင့် သိရှိခဲ့ရကြောင်း” နဲ့ “အခုဖြစ်စဉ်ဟာ ဟိန္ဒူဘာသာနှင့် ဗုဒ္ဓဘာသာ နှစ်ဘာသာလုံးရဲ့ ဂုဏ်ကျက်သရေကို ညစ်နွမ်းစေသော အပြုအမူ အပြောအဆိုများဖြစ်ကြောင်း” ဟိန္ဒူဘာသာရေးအသိပညာအဖွဲ့က ဖော်ပြပြောဆိုလိုက်ပါတယ်။

Healing သင်တန်းက လိင်အမြတ်ထုတ်မှုတွေ ဖော်ထုတ်နိုင်ပြီးတဲ့နောက်မှာ ဒီနည်းပြဆရာဟာ ငွေကြေးချမ်းသာသူ ဟိုတယ်ပိုင်ရှင်တစ်ဦးဖြစ်ပြီး Healing သင်တန်းများ မဖွင့်လှစ်မီကတည်းက ဟိုတယ်မှာရှိတဲ့အမျိုးသမီးဝန်ထမ်းတွေအပေါ် လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခြင်း၊ လိင်အမြတ်ထုတ်ခြင်းတွေ လုပ်ခဲ့ဖူးတယ်လို့ ကျူးလွန်ခံထားရဖူးတဲ့ နစ်နာသူတွေက လူမှုကွန်ယက်မှာ ထုတ်ပြောလာပါတယ်။

ဒီအတွက် နစ်နာခဲ့ရတဲ့ သင်တန်းသူတွေဘက်က ရပ်တည်ပေးခဲ့တဲ့ သင်တန်းသူဆရာမက ဦးဆောင်ပြီး ဒီနည်းပြဆရာရဲ့ လုပ်ရပ်တွေကို ပြည်သူတွေသိအောင် အသံဖိုင်နဲ့တကွဖွင့်ထုတ်ပြခဲ့တာ ဖြစ်ပါတယ်။ နစ်နာသူတွေဘက်က ရပ်တည်ပေးခဲ့တဲ့ ဆရာမက သူမအနေနဲ့ ခုလို ဖွင့်ထုတ်ပြရခြင်းမှာ “Women Right/ Human Right နှင့် Justice တရားမျှတမှု နှင့် အမျိုးသမီးကာကွယ်မှု အတွက်ပါ” လို့ လူမှုကွန်ယက်မှာ ရေးသားပြောဆိုထားပါတယ်။

ဆက်စပ် သတင်းများ

Most read