အမေရိကန်သမ္မတ ထရမ့် ရနိုင်တယ်လို့ သတင်းထွက်ပေါ်နေတဲ့ “FIFA Peace Prize” (ငြိမ်းချမ်းရေးဆု)ကို ရွေးချယ်ပေးတဲ့ ဆုရွေးချယ်ရေးကော်မတီခေါင်း ဆောင်ဟာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်ဖြစ်နေတယ်လို့ The Guardian သတင်းစာက ထုတ်ဖော်ခဲ့ပါတယ်။
ဒီကနေ့ ဒီဇင်ဘာ ၅ ရက်နေ့ ဝါရှင်တန်မှာ ကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ဖလား မဲခွဲပွဲအခမ်းအနားမှာ ဒီဆုကို ကြေညာဖို့ ရှိနေပါတယ်။
နိုဘယ်လ်ငြိမ်းချမ်းရေးဆု လွဲချော်ခဲ့လို့ စိတ်ပျက်နေတဲ့ သမ္မတထရမ့်ကို နှစ်သိမ့်ဖို့ FIFA ဥက္ကဋ္ဌ ဂျီယန်နီ အင်ဖန်တီနို က ဒီဆုကို တီထွင်လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။
The Guardian သတင်းစာရဲ့ ဖော်ထုတ်ချက်အရ ဒီဆုရွေးချယ်ရေးလုပ်ငန်းစဉ်ကို ရေးဆွဲမယ့် FIFA ရဲ့ “လူမှုရေးတာဝန်ယူမှုကော်မတီ” (Social Responsibility Committee) ဥက္ကဋ္ဌဟာ ဦးဇော်ဇော် ဖြစ်ပါတယ်။
ဦးဇော်ဇော်ဟာ အရင်စစ်အစိုးရလက် ထက်ကတည်းက “Crony (ခရိုနီ)” လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက သတ်မှတ်ခဲ့ဖူးသူဖြစ်သလို ၂၀၀၉ ကနေ ၂၀၁၆ အထိ အမေရိကန်နဲ့ EU ရဲ့ ပိတ်ဆို့အရေးယူမှု (Sanctions) ခံခဲ့ရဖူးပြီး၊ အာ ဏာရှင်ဟောင်း သန်းရွှေရဲ့ မိသားစုနဲ့လည်း ရင်းနှီးတဲ့ဆက်ဆံရေးရှိခဲ့သူလို့ဖော်ပြထားပါတယ်။
FIFA က ကမ္ဘာ့ငြိမ်းချမ်းရေး လိုလားသူတွေကို အသိအမှတ်ပြုတာကို ဝေဖန်ဖို့ မသင့်ဘူးလို့ တုံ့ပြန်ထားပြီး အခုပေးအပ်မယ့် ပထမဆုံးဆုရှင်က ဘယ်သူဖြစ်မလဲ ဦးဇော်ဇော် ဦးဆောင်တဲ့ ကော်မတီက ဘယ်လို စံနှုန်းတွေ သတ်မှတ်မလဲ ဆိုတာကိုတော့ ကမ္ဘာ့ဘောလုံးလောကရဲ့ စောင့်ကြည့်စရာ ဖြစ်နေပါတယ်။
FIFA Peace Prize ဆုရှင်ကို ဦးဆောင်ရွေးချယ်မယ့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဦးဇော်ဇော်ဟာ ရခိုင်ပြည်အတွင်း ရိုဟင်ဂျာတွေကို မျိုးသုဉ်းသတ်ဖြတ်မှုတွေကို လုပ်ဆောင်ခဲ့တဲ့ မြန်မာစစ်အုပ်စုကို ငွေကြေးထောက်ပံ့မှုတွေအပြင် ရိုဟင်ဂျာတွေ နေရပ်မပြန်နိုင်ရေးအတွက် နယ်
စပ်ခြံစည်းရိုးတွေ တည်ဆောက်ရာမှာ အလှူငွေ အမြောက်အမြား ပံ့ပိုးခဲ့သူလည်း ဖြစ်ပါတယ်။
ပုံစာ – စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အတူတွေ့ရသော ဦးဇော်ဇော်


