၂၈ ဇန်နဝါရီ ၂၀၂၆
Facebook က မြန်မာစစ်ကော်မရှင်နဲ့ ဆက်စပ်တဲ့ စီးပွားရေးလုပ်ငန်းတွေ၊ ဝါဒဖြန့်ချိရေးလုပ်ဆောင်နေတဲ့ လူမှုကွန်ရက် အကောင့်၊ စာမျက်နှာ၊ ဂရုစုစုပေါင်း ၂၇၀ ကို ဖယ်ရှားလိုက်ပါတယ်။
အဲ့ဒီလုပ်ဆောင်မှုဟာ Facebook ရဲ့ မိခင်ကုမ္ပဏီ Meta က ၂၀၂၁ ခုနှစ်ကစပြီး ချမှတ်ထားတဲ့ စစ်တပ်ထိန်းချုပ် စီးပွားရေးလုပ်ငန်းတွေ၊ စစ်တပ်နဲ့ ဆက်စပ်တဲ့ မီဒီယာတွေကို ပိတ်ပင်မယ့် မူဝါဒအရ ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဖယ်ရှားခံရတဲ့ အကောင့်အများစုဟာ Mytel ထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေကို ရောင်းချနေတဲ့ အကောင့်တွေဖြစ်ပြီး၊ ကျန်အကောင့်တွေကတော့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) နဲ့ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL) တို့ရဲ့ ကုမ္ပဏီခွဲတွေ၊ လုပ်ငန်းအမှတ်တံဆိပ်တွေနဲ့ ဆက်စပ်နေတဲ့ အကောင့်တွေဖြစ်ပါတယ်။
အဲ့ဒီထဲမှာ MECtel၊ အင်းဝဘဏ်၊ မြဝတီဘဏ်၊ ဆင်မင်းဘိလပ်မြေ၊ မြန်မာဘီယာ၊ ဒဂုန်ဘီယာ၊ နန်းမြိုင်ကဖီးနဲ့ Indoor Skydiving တို့နဲ့ ဆက်စပ်တဲ့ အကောင့်တွေပါ ပါဝင်နေပါတယ်။
ဒါ့အပြင် Facebook က စစ်တပ် ဝါဒဖြန့်ချိရေးအတွက် အသုံးပြုနေတယ်လို့ ယူဆရတဲ့ a Light for Justice 3, News Service Station, Myanmar Information Community ဆိုတဲ့ အကောင့်တွေကိုလည်း ဖယ်ရှားခဲ့ပါတယ်။
အဲ့ဒီအကောင့်တွေဟာ စစ်တပ်ရဲ့ စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ဖုံးကွယ်ကာ ပံ့ပိုးကူညီနေတဲ့ အကောင့်တွေဖြစ်တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ထောက်ပြထားပါတယ်။
Justice For Myanmar အဖွဲ့ကတော့ စစ်တပ်နဲ့ ဆက်စပ်တဲ့ အကောင့်တွေကို မကြာသေးခင်က Meta ကို တိုင်ကြားပေးခဲ့တာဖြစ်ပြီး သတင်းအချက်အလက် မျှဝေပေးသူတွေကို ကျေးဇူးတင်ကြောင်း ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် Alphabet, Apple, TikTok နဲ့ Telegram တို့အနေနဲ့လည်း မြန်မာစစ်ကော်မရှင်ရဲ့ စီးပွားရေးလုပ်ငန်းတွေ၊ ဝါဒဖြန့်ချိရေး အကောင့်တွေကို အမြန်ဆုံး ပိတ်ပင်ဖို့ Justice For Myanmar က တောင်းဆိုထားပါတယ်။


