ဖေဖော်ဝါရီ ၃၊ ၂၀၂၅
မြဝတီမြို့နဲ့ အနီးတစ်ဝိုက်မှာဖွင့်လှစ်ထားတဲ့ ဂိမ်းဆိုင်တွေနဲ့ အာဝါဒေး (Our Day) လောင်းကစားလုပ်ငန်းတွေ အားလုံးပိတ်သိမ်းဖို့ အတွက် ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA) ဗဟိုစစ်ဌာနချုပ်ရုံးက ညွှန့်ကြားလိုက်တယ်လို့ သိရပါတယ်။
ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော်(DKBA)၊ ဗဟိုစစ်ဌာနချုပ်ရုံးမှာကျင်းပတဲ့ (၁/၂၀၂၅) ဗဟိုအလုပ်မှုဆောင် ကော်မတီ(အရေးပေါ်)အစည်းအဝေးဆုံးဖြတ်ချက်အရ တပ်ဖွဲ့ဝင်တွေ အားလုံး တပ်မိသားစုသက်သာ ချောင်ချိရေးအတွက် တာဝန်ခံဖွင့်လှစ်ထားတဲ့ ဂိမ်းဆိုင်နဲ့အာဝါဒေး(Our Day)လောင်းကစားတွေ အားလုံး ပိတ် သိမ်းဖို့ သဘောတူဆုံးဖြတ်ခဲ့တယ်လို့ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက် ရက်စွဲနဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒီဆုံးဖြတ်ချက်အရ စစ်ကွပ်ကဲရေးတွေ၊ ဗျူဟာတွေ၊ တပ်ရင်းတွေ၊ ဌာနတွေနဲ့ စစ်ကြောင်းတွေကဝန်ခံထားတဲ့ ဂိမ်းဆိုင်နဲ့အာဝါဒေး(Our Day) လောင်းကစားတွေ အားလုံး အပြီးအတိုင်ပိတ်သိမ်းဖို့ ညွန့်ကြားထားတယ်လို့ ဆိုပါတယ်။
မြ၀တီမြို့ခံ တဦးကတော့ “ဒါက ထိုင်းက ဖိအားပေးလို့ ခဏဟန်ပြရပ်တာပဲနေမှာပါ။ ဒီမှာ ဒီလုပ်ငန်းတွေကနေ ဝင်ငွေတွေရနေတာ များတယ်လေ။”လို့ New Day Myanmar ကိုပြောပါတယ်။
မကြာခင်ကာလက ပဲ ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ ရွှေကုက္ကိုလ်နဲ့ KK park တို့မှာ လောင်းကစားတွေအပြင် ကျားဖြန့်လို့ ခေါ်တဲ့ ငွေလိမ်တဲ့ လုပ်ငန်းတွေအတွက် လူကုန်ကူးမှုတွေရှိနေပြီး ထိုင်းနိုင်ငံအတွက် သက်ရောက်မှုကြီးမားခဲ့ပါတယ်။
ဒီလိုအခြေအနေကြောင့်ပဲ ထိုင်းနိုင်ငံကနေ ငွေလိမ်ဂိုဏ်းတွေကို နှိမ်နင်းဖို့ လုပ်ဆောင်မှုတွေရှိနေတယ်လို့ သိရသလို မြ၀တီကို ပေးထားတဲ့ လျှပ်စစ်မီးတွေကိုလည်း ဖြတ်တောက်ဖို့ စီစဉ်နေတာရှိပါတယ်။
Photo – CJ