ထိုင်းနိုင်ငံထဲမှာ ရောက်ရှိနေတဲ့ မြန်မာ နိုင်ငံသားတွေ ခရီးသွားလာခွင့်အတွက် Passport အစားထိုး CI ကိုလုပ်ပေးထားရာကနေ PJ ကိုပြောင်းလဲ လုပ်ကိုင်ထားတဲ့သူတွေ သက်တမ်းကုန်ဆုံပါက Pass -port for Thailand Only သာရရှိတော့မယ်လို့ သတင်းထွက်ပေါ်နေပါတယ်။
ဒါကြောင့် CI စာအုပ်အစိမ်းကနေ PJ ပြောင်းမယ်ဆိုရင် တခြားနိုင်ငံကို ဆက်သွားခွင့်မရှိဘဲ ထိုင်းနဲ့ မြန်မာမှာသာ စာ အုပ်အနီကိုင်ပြီး နေထိုင်နိုင်မှာဖြစ်တယ်လို့ဆိုပါတယ်။
“ထိုင်းနိုင်ငံကိုခိုးဝင်လာတဲ့ မြန်မာတွေဟာ ဘတ်လို့ခေါ်တဲ့ ပန်းရောင်ကတ်နဲ့အတူ ခရီးသွားလာခွင့်အတွက် passport အစားထိုး CI ကို မြန်မာဘက်က ထိုင်းနိုင်ငံထဲလာလုပ်ပေးတယ်။ အဲဒီ CI ဟာ ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံသွားလာဖို့ပဲ အသုံးပြုလို့ရတယ်။ တခြားနိုင်ငံတွေပါသွားချင်ရင် CI ကနေ Passport for job လို့ခေါ်တဲ့ PJ ချိန်းရတာ။ အခု အဲဒီလိုချိန်းတဲ့ PJ တွေကို ထိုင်းနဲ့မြန်မာပဲသွားခွင့်ပြုတော့တာပါခင်ဗျာ”ဟု ထိုင်းရောက် မြန်မာ နိုင်ငံသားတဦးက New Day Myanmar ကိုပြောလာပါတယ်။
ဒါ့အပြင် “ထိုင်းမှာ သောင်တင်နေမယ့် သဘောပါ။ ဒါက PJ-PJ ပြောင်းတာ အနီကနေ အနီပြောင်းတာမျိုးမှာတော့ မပါသေးဘူးလို့ သိရတယ်လို့”နောက်ထပ် သတင်းရင်းမြစ်က ဆိုပါတယ်။
ဒီလိုဖြစ်ရတဲ့အခြေအနေဟာ စစ်ကော် မရှင်လက်အောက်မှာ မနေလိုတဲ့ မြန်မာ နိုင်ငံသားတွေ ထိုင်းနိုင်ငံမှာ နေထိုင်ခွင့်အထောက်အထားလုပ်ဆောင်ထားတဲ့အပေါ် နောက်ထပ် တတိယနိုင်ငံတွေကိုထွက်ခွာလို့မရအောင် တင်းကြပ်လိုက်တဲ့အခြေအနေတခုဖြစ်တယ်လို့ သုံးသပ်နေကြပါတယ်။


