Homeပြည်တွင်းသတင်းစစ်ကောင်စီရဲတပ်ဖွဲ့အတွက် တရုတ်အစိုးရက ယွမ်ငါးသန်း ကူညီဖို့ သဘောတူစာချုပ်

စစ်ကောင်စီရဲတပ်ဖွဲ့အတွက် တရုတ်အစိုးရက ယွမ်ငါးသန်း ကူညီဖို့ သဘောတူစာချုပ်

၁၁ စက်တင်ဘာ၊ ၂၀၂၄

စစ်ကောင်စီ ရဲတပ်ဖွဲ့အတွက် တရုတ်ယွမ် ငါးသန်း တန်ဖိုးရှိတဲ့ ရဲလုပ်ငန်းဆိုင်ရာ အသုံးအဆောင်ပစ္စည်းတွေ ကူညီပေးဖို့ စစ်ကောင်စီပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နဲ့ တရုတ်နိုင်ငံပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီး ဝမ်ရှောင်ဟုန်တို့ တရုတ်နိုင်ငံမှာ သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

စက်တင်ဘာလ ၉ ရက်က တရုတ်နိုင်ငံမှာ ကျင်းပတဲ့ ၂၀၂၄ ခုနှစ်၊ ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဖိုရမ်ကို တက်ရောက်ရန် စစ်ကောင်စီကို ဖိတ်ကြားခဲ့ပြီး အခမ်းအနားအပြီးမှာ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နဲ့ တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေး ဆိုင်ရာဝန်ကြီး ဝမ်ရှောင်ဟုန်တို့ သီးသန့်ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

တရုတ်ယွမ် ငါးသန်း တန်ဖိုးရှိတဲ့ ရဲလုပ်ငန်းဆိုင်ရာ အသုံးအဆောင်ပစ္စည်းတွေ ကူညီထောက်ပံ့ပေးမဲ့အပြင် တရုတ်-မြန်မာ နှစ်နိုင်ငံ ရဲတပ်ဖွဲ့ ပူးပေါင်းဆောင်ရွက်မှု ဗဟိုဌာန ဖွင့်လှစ်ဖို့ နားလည်မှုစာချွန်လွှာမှာ လက်မှတ်ထိုးခဲ့တယ်လို့ ဆိုပါတယ်။ နှစ်နိုင်ငံလုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် ပူးပေါင်းဆောင်ရွက်မဲ့ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီသတင်းစာတွေက ဖော်ပြပါတယ်။

စက်တင်ဘာလ ၁၀ရက်မှာပဲ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Ms. Ma Jia က စစ်ကောင်စီရဲ့ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးနဲ့ နေပြည်တော်ကို သွားရောက်တွေ့ဆုံခဲ့ပါတယ်။

ဒီတွေ့ဆုံမှုမှာတော့ တရုတ်-မြန်မာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နေတဲ့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး စီမံကိန်းတွေ အကောင်အထည်ဖော်ဖို့၊ ဆက်သွယ်ရေးနဲ့ သတင်းအချက်အလက်ကဏ္ဍမှာ ရင်းနှီးမြုပ်နှံဖို့နဲ့ နည်းပညာမျှဝေရေး ကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာ့ မဟာဗျူဟာနဲ့ မူဝါဒရေးရာ လေ့လာရေးအဖွဲ့ (ISP – Myanmar)ရဲ့ ပြီးခဲ့တဲ့လက စစ်တမ်းမှာ အရင်က စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ တရုတ်စီမံကိန်း ဆယ်ခုကို အခုလက်ရှိ တိုင်းရင်းသားတပ်တွေနဲ့ တော်လှန်ရေးတပ်တွေက လုံးဝ သိမ်းပိုက်ထိန်းချုပ်ထားကြောင်း ဖော်ပြထားပါတယ်။

ပုံစာ – (ဒုတိယဗိုလ်ချုပ်ကြီးရာပြည်နဲ့ တရုတ်ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီး ဝမ်ရှောင်ဟုန်တို့ စက်တင်ဘာ ၉ ရက်က တွေ့ဆုံလက်မှတ်ထိုးစဉ်)

Photo – စစ်ကောင်စီ

ဆက်စပ် သတင်းများ

Most read