လက်ရှိ မြန်မာ့တော်လှန်ရေးမှာ ရင်ဆိုင်နေရတဲ့ အကြီးမားဆုံးအခက်ခဲတွေထဲမှာ ကိုယ်ကျိုးစီးပွါးတခုတည်းကြည့်တဲ့ တရုတ်ဩဇာလွှမ်းမိုးချုပ်ကိုင်မှုလည်းပါဝင်တယ်လို့ (PSLF-TNLA) ရဲ့အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်ကျော်က ထုတ်ဖော်လိုက်ပါတယ်။
တော်လှန်ရေးရဲ့ ရင်ဆိုင်နေရတဲ့ အကြီးမားဆုံးအခက်အခဲတွေထဲမှာ “လူစိတ်မဲ့စွာ သတ်ဖြတ်ရက်စက်ဝံ့တဲ့ မြန်မာစစ်အာဏာရှင်၏လုပ်ရပ်များ၊ ကိုယ်ကျိုးစီးပွါးတခုတည်းကြည့်တဲ့ တရုတ်ဩဇာလွှမ်းမိုးချုပ်ကိုင်မှု၊ အာဏာရှင်ရဲ့ ရှည်ကြာတဲ့ဖိနှိပ်မှုမှာ နွမ်းလျလက်ပမ်းကျနေတဲ့ပြည်သူလူထု၊ တော်လှန်ရေးအတွက် ခိုင်မာအားကောင်းတဲ့ ဦးဆောင်မှု မတည်ဆောက်နိုင်သေးတာ၊ အခြား အရာတွေလည်း ရှိနိုင်ပါသေးတယ်လေ။”လို့ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA)ရဲ့ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်က သူ့ရဲ့ လူမှုကွန်ရက် ဖေ့ဘွတ်စာမျက်နှာမှာ ဩဂုတ် ၁၂ ရက် က ထုတ်ဖော်ရေးသားလိုက်တာဖြစ်ပါတယ်။
တအာင်းတပ်မတော် (TNLA) ဟာ ၁၀၂၇ စစ်ဆင်ရေးစတင်ချိန်ကစပြီး မြန်မာစစ်တပ်ရဲ့ နယ်မြေအချို့ကို သိမ်းယူနိုင်ခဲ့ပေမယ့် တရုတ်အစိုးရရဲ့ ဖိအားကို အပြင်းအထန်ခံနေရတာဖြစ်ပါတယ်။ တရုတ်အစိုးရက (TNLA)သိမ်းယူထားတဲ့ နယ်မြေတွေကို စစ်တပ်ဆီပြန်ပေးဖို့ ဖိအားပေးနေတာဖြစ်ပါတယ်။
တရုတ်ရဲ့ဖိအားပေးမှုတွေကြောင့် အခု ဩဂုတ်လထဲမှာ စစ်ကော်မရှင်နဲ့ TNLA ထပ်မံတွေ့ ဆုံမယ်လို့ ဩဂုတ် ၅ရက်မှာပြုလုပ်တဲ့ သတင်းစာရှင်း လင်းပွဲအတွင်း တအာင်းတပ် -TNLAရဲ့ ပြန်ကြားရေးတာဝန်ခံ လွေးယေဦးကလည်းပြောခဲ့ပါတယ်။
မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့ဖော်ဆောင် ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး အတွင်းကသိမ်း ယူထားခဲ့တဲ့နေရာတွေကို ပြန်လည်သိမ်း ယူဖို့ စစ်ကော်မရှင်က တရုတ်ရဲ့ ဖိအားနဲ့ မဟာမိတ်သုံးဖွဲထဲက တဖွဲ့ကို ထိုးစစ်ရပ်အောင်လုပ်ထားပြီး ကျန်နှစ်ဖွဲ့ကို ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်တယ်လို့ သူကဆိုပါတယ်။
“ကိုးကန့်တပ်(MNDAA)ကို လှုပ်ရှားမှု မရှိအောင်လုပ်ပြီး အာရက္ခတပ်တော်(AA)နဲ့ (TNLA) ကို ထိုးစစ်ဆင်တဲ့ဗျူဟာလုပ်လာတယ်” လို့ လွေးယေဦးက ဆိုပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ တဦးကတော့ “တရုတ်ရဲ့ ဖိအားကို လွန်ဆန်ဖို့က သူတို့ အတွက် ခက်ပါမယ်။ အထူးသဖြင့် တရုတ်က သူနဲ့ နယ်စပ်နီးနေသလို အကျိုးစီးပွားအတွက်ဆို ဘယ်လို ဖိအားမဆို ပေးနေမှာပဲ။”လို့ New Day Myanmar ကိုပြောပါတယ်။
ဗိုလ်ချုပ် တားဘုန်းကျော်ကတော့ “လှဲကျလိုက် ပြန်ထလိုက်နဲ့ ဒီအခက်အခဲတွေကို ကျော်လွှားဖို့ အဆင့်ဆင့်ဖြတ်ကျော်ကြရမှာပါပဲ ရဲဘော်တို့”လို့ မှတ်ချက်ပေးရေးသားထားပါတယ်။


