Homeပြည်တွင်းသတင်းCDM ဝန်ထမ်းတွေကို Black List ဖြေလျှော့မယ်လို့ စစ်ကော်မရှင် ကြေညာ

CDM ဝန်ထမ်းတွေကို Black List ဖြေလျှော့မယ်လို့ စစ်ကော်မရှင် ကြေညာ

၁ ဖေဖော်ဝါရီ ၂၀၂၆

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို ကန့်ကွက်ဆန့်ကျင်ခဲ့ကြတဲ့ နယ်ပယ်အသီးသီးက CDM ဝန်ထမ်းတွေကို အာဏာသိမ်း ၅ နှစ်ပြည့်အချိန်မှာ အမည်မည်းစာရင်း (Black List) ကနေ ဖြေလျှော့ပေးမယ်ဆိုတဲ့ အသုံးအနှုန်းနဲ့ စစ်ကော်မရှင်က ပြန်လည်ခေါ်ယူလာပါတယ်။

မနေ့က ဇန်နဝါရီ ၃၁ ရက် ညပိုင်းမှာ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ က ထုတ်ပြန်တဲ့ ကြေညာချက်အရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကစပြီး အကြောင်းအမျိုးမျိုးကြောင့် ခွင့်ပြုချက်မရရှိဘဲ လုပ်ငန်းခွင်ကို စွန့်ခွာခဲ့ကြတဲ့ နိုင်ငံ့ဝန်ထမ်းတွေကို Black List ကနေ ဖြေလျှော့ပေးသွားမယ်လို့ ဖော်ပြထားပါတယ်။

ထုတ်ပြန်ချက်ထဲမှာတော့ ခွင့်ပြုချက်မရရှိဘဲ လုပ်ငန်းခွင်ကို စွန့်ခွာခဲ့တာကြောင့် နိုင်ငံ့ဝန်ထမ်းအချို့ဟာ Black List ထဲ ပါဝင်လာပြီး စိုးရိမ်ပူပန်စိတ်နဲ့ နေရပ်ဒေသတွေကို စွန့်ခွာ ရှောင်တိမ်းနေကြရတယ်လို့လည်း ဖော်ပြထားပါတယ်။

ဒါကြောင့် လုပ်ငန်းခွင်ကို စွန့်ခွာခဲ့တဲ့ နိုင်ငံ့ဝန်ထမ်းတွေ အနေနဲ့ မိမိတို့ရောက်ရှိနေတဲ့ နေရာအနီးရှိ ယခင်တာဝန်ထမ်းဆောင်ခဲ့တဲ့ ဌာနရုံးတွေ၊ နီးစပ်ရာ မြို့နယ်ခွဲ၊ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့အစည်းတွေကို ဆက်သွယ်ပြီး Black List ဖြေလျှော့ပေးဖို့ တောင်းဆိုနိုင်တယ်လို့ ဆိုပါတယ်။

ပြည်ပမှာ ရှိနေသူတွေ အတွက်တော့ မြန်မာနိုင်ငံ သံရုံး၊ စစ်သံရုံးနဲ့ ကောင်စစ်ဝန်ချုပ်ရုံးတွေကို ဆက်သွယ်ပြီး သတင်းပို့နိုင်တယ်လို့လည်း ဖော်ပြထားပါတယ်။

ဆက်သွယ်လာတဲ့ ဝန်ထမ်းတွေကို စိစစ်သွားမှာဖြစ်ပြီး ပြစ်မှုမကျူးလွန်ခဲ့သူတွေ၊ ပြစ်မှုကျူးလွန်ပြီး ပြစ်ဒဏ်ကျခံပြီးသားဖြစ်ပေမယ့် Black List ထဲ ဆက်လက်ပါဝင်နေသူတွေကိုပါ အမည်မည်းစာရင်းကနေ ဖြေလျှော့ပေးသွားမယ်လို့ ကာ/လုံ သတင်းထုတ်ပြန်ရေးအဖွဲ့က ကြေညာထားပါတယ်။

ဒီကြေညာချက်ဟာ စစ်အာဏာသိမ်း ၅ နှစ်ပြည့်ကာလနဲ့ တိုက်ဆိုင်လာတဲ့အတွက် CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြတဲ့ နိုင်ငံ့ဝန်ထမ်းတွေကို နိုင်ငံရေးရည်ရွယ်ချက်နဲ့ ပြန်လည်ခေါ်ယူတာ ဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေ ထွက်ပေါ်နေပါတယ်။

ပုံစာ – ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းကာလအတွင်း ကန့်ကွက်ဆန့်ကျင်ကြတဲ့ နယ်ပယ်စုံက နိုင်ငံ့ဝန်ထမ်းတွေ ဆန္ဒပြနေတဲ့ ပုံရိပ်တွေ

ဓာတ်ပုံ – လူမှုကွန်ရက်

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး