တနင်္သာရီတိုင်း၊ ပုလောမြို့မှာ နေထိုင်တဲ့ CDM ပညာရေးဝန်ထမ်း ဒေါ်အေးသီအောင်နဲ့ ခင်ပွန်းဖြစ်သူကို သတ်ခဲ့တဲ့တရားခံတွေကို ဖမ်းဆီးရမိထားပြီး ၊ သူတို့ဟာ KNDO အချုပ်ခန်းကနေထွက်ပြေးလာသူတွေဖြစ်တယ်လို့ KNU မြိတ် -ထားဝယ်ခရိုင်က ထုတ်ပြန်ထားပါတယ်။
လူသတ်မှုကျူးလွန်သူတွေဟာ KNDO တပ်ရင်း (၇) တပ်ခွဲ (၅) မှာ ချုပ်နှောင်ထားတဲ့ အပြစ်သား ၄ ဦးဖြစ်တဲ့ အောင်နိုင်ဦး၊ ဖြိုးဝေဦး၊ ဇော်ထိုက်နဲ့ ဝင်းစိုးတို့ဖြစ်တယ်လို့ ဆိုပါတယ်။
အဲ့ဒီ အပြစ်သားလေးဦးကို KNDO တပ် ရင်း (၇) တပ်ခွဲ (၅) မှာ ချုပ်နှောင်ခံထားရာကနေ ဒီဇင်ဘာ ၁၃ ရက် မနက် ၄နာရီ ၅၀ မိနစ်အချိန်မှာ အကျဥ်းစခန်းကနေ ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲဒီနောက် ဒီဇင်ဘာ ၁၅ ရက် ညနေပိုင်းမှာ အပြစ်သားတစ်ဦးဖြစ်တဲ့ ဝင်းစိုးက ဗိုက်ဆာလို အသတ်ခံရသူ CDM ဆရာမ ဒေါ်အေးသီအောင်ထံ ထမင်းတောင်းစားရာမှာ မပေးတဲ့အတွက် ဓားနဲ့ ခုတ်သတ်ခဲ့တာလို့ သိရပါတယ်။
ဆရာမ ဒေါ်အေးသီအောင် အော်သံကြားလို့ ခင်ပွန်းဖြစ်သူက ထွက်ကြည့်ရာမှာ ကျန်တဲ့ ၃ ဦးက ခင်ပွန်းဖြစ်သူကို ဖမ်းချုပ်ပြီး ဝင်းစိုးက ထပ်မံ သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။
လူသတ်မှုကျူးလွန်ပြီးတဲ့နောက် နားကပ် ၊ ဆွဲကြိုးနဲ့ လက်ကောက်စတဲ့ လက်ဝတ်ရတနာတွေကို ယူဆောင်ကာ ထိုင်းနိုင်ငံကို သွားဖို့ ကြိုးပမ်းချိန် ဒီဇင်ဘာ ၁၇ ရက် မှာ ၃ ဦးကို ဖမ်းမိခဲ့ပြီး ကျန်တဲ့ ၁ ဦးကိုတော့ ၁၈ ရက်နေ့မှာ ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ တရားခံတွေ ထွက်ပြေးတဲ့နေ့ကတည်းက လိုက်လံ ရှာဖွေဖမ်းဆီးခဲ့ပေမယ့် ဖမ်းမိပြီး စုံစမ်းစစ်ဆေးချိန်ကျမှသာ လူသတ်မှုဖြစ်စဥ်ကို ကျူးလွန်ထားတယ်ဆိုတာကို ထပ်မံသိရှိခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားတာပါ။
ဒါ့ကြောင့် ပြစ်မှုကျူးလွန်တဲ့ တရားခံ ၄ ဦးကို စုံစမ်းစစ်ဆေးပြီး KNU ရဲ့ ကော်သူးလေ တရားဥပဒေတွေနဲ့အညီ အပြစ် ပေး အရေးယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ-KNU


