Homeပြည်တွင်းသတင်းBRAVE Burma Act ကို အမေရိကန်အောက်လွှတ်တော် အတည်ပြု၊ စစ်ကော်မရှင်နဲ့ ဆက်စပ်လုပ်ငန်းတွေကို ပိတ်ဆို့ဖို့ ရည်ရွယ်

BRAVE Burma Act ကို အမေရိကန်အောက်လွှတ်တော် အတည်ပြု၊ စစ်ကော်မရှင်နဲ့ ဆက်စပ်လုပ်ငန်းတွေကို ပိတ်ဆို့ဖို့ ရည်ရွယ်

၁၁ ဖေဖော်ဝါရီ ၂၀၂၆

မြန်မာစစ်တပ်နဲ့ စစ်ကော်မရှင်ရဲ့ ဝင်ငွေလမ်းကြောင်းတွေကို ထိန်းချုပ်ကန့်သတ်ဖို့ ရည်ရွယ်ထားတဲ့ BRAVE Burma Act ဥပဒေမူကြမ်းကို အမေရိကန် အောက်လွှတ်တော်က အတည်ပြုလိုက်တယ်လို့ ဖေဖော်ဝါရီ ၉ ရက်မှာ ကွန်ဂရက်က ကြေညာပါတယ်။

Bringing Real Accountability Via Enforcement in Burma Act လို့ အမည်ရတဲ့ အဲ့ဒီဥပဒေဟာ စစ်ကော်မရှင်နဲ့ ဆက်စပ်နေတဲ့ နိုင်ငံပိုင်လုပ်ငန်းတွေ၊ မြန်မာ့စီးပွားရေးဘဏ် (MEB) နဲ့ လေယာဉ်ဆီ ထောက်ပံ့ပေးနေတဲ့ နိုင်ငံခြားကုမ္ပဏီတွေကို ပိတ်ဆို့အရေးယူမှု တိုးမြှင့်ဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။

ဒီမူကြမ်းကို ၂၀၂၅ ခုနှစ် ဇူလိုင်လကစပြီး အောက်လွှတ်တော်မှာ ဆွေးနွေးလာခဲ့ကြတာဖြစ်ပြီး ၆ လကျော်အကြာမှာ အတည်ပြုနိုင်ခဲ့တာ ဖြစ်ပါတယ်။ အောက်လွှတ်တော်မှာတော့ ရီပါဘလီကန်နဲ့ ဒီမိုကရက် အမတ်တွေ နှစ်ပါတီလုံးက ထောက်ခံမဲပေးခဲ့ကြတယ်လို့ သိရပါတယ်။

အဲ့ဒီဥပဒေထဲမှာ မြန်မာနိုင်ငံရဲ့ IMF (အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့) မှာ မဲပေးပိုင်ခွင့်ကို စစ်အာဏာသိမ်းထားသမျှ ကာလပတ်လုံး တားဆီးနိုင်ဖို့နဲ့ စစ်ကော်မရှင်ရဲ့ စီးပွားရေးကို ပံ့ပိုးနေသူတွေကို ကန့်သတ်ဖို့ အချက်အလက်တွေ ပါဝင်တယ်လို့လည်း သိရပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် တွမ်အင်ဒရူးရဲ့ အစီရင်ခံစာအရ မြန်မာ့စီးပွားရေးဘဏ်ဟာ နိုင်ငံခြားဘဏ်အကောင့်တွေကနေ စစ်လက်နက်ပစ္စည်း ဝယ်ယူရာမှာ အသုံးပြုခဲ့တယ်လို့ ဖော်ပြထားပါတယ်။

လက်ရှိအခြေအနေအရ အောက်လွှတ်တော်က အတည်ပြုပြီးဖြစ်ပေမယ့် ဆီးနိတ်မှာ ဆက်လက်အတည်ပြုချက် ရယူရဦးမှာဖြစ်ပြီး နောက်ဆုံးအဆင့်အနေနဲ့ အမေရိကန်သမ္မတ လက်မှတ်ထိုးမှသာ ဥပဒေအဖြစ် အသက်ဝင်မှာ ဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး