၁၃ ဖေဖော်ဝါရီ၊ ၂၀၂၅
BGF ခေါင်းဆောင်တွေကို ထိုင်းစုံစမ်းရေးမှူးတွေက ဖမ်းဝရမ်းထုတ်ဖို့ တောင်းဆိုခဲ့ပေမယ့် ထိုင်းအထူးစုံစမ်းစစ်ဆေးရေးဌာန (DSI) က သက်သေမလုံလောက်ကြောင်း ပြောဆိုပြီးပယ်ချလိုက်ပါတယ်။
ကရင်နယ်ခြားစောင့်တပ်BGF ရဲ့ ခေါင်းဆောင်တွေဖြစ်တဲ့ စောချစ်သူ၊ ဗိုလ်မုတ်သုန် နဲ့ ဗိုလ်တင်ဝင်းတို့ကို ဖမ်းဝရမ်းထုတ်ပေးဖို့ သက်သေအထောက်အထားတွေနဲ့ တင်ပြထားကြောင်း ထိုင်း ဒုဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီး ဖုန်သမ်က ဖေဖော်ဝါရီ ၁၁ ရက်က မီဒီယာတွေကို ပြောဆိုထားပါတယ်။
၂၀၂၂ မေ ၁၅ ရက်မှ ဩဂုတ် ၁၃ ရက်အတွင်းက အိန္ဒိယနိုင်ငံသား ၈ ယောက်ကို ထိုင်းကတဆင့် မြ၀တီမြို့နယ်အတွင်းက Heng Seng Resort and Casino ဝန်းကို လူမှောင်ခိုကူးခဲ့တဲ့အမှုနဲ့ပတ်သတ်ပြီး တင်ပြခဲ့ပေမယ့် စောချစ်သူက ၂၀၁၇က မြေငှားရမ်းထားတာ ဖြစ်ပြီး လူမှောင်ခိုကူးမှုနဲ့ ပတ်သက်နေတဲ့ အထောက်အထားမရှိတဲ့အတွက် သက်သေမခိုင်လုံလို့ ဝရမ်းမထုတ်နိုင်တာ ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၂ ရက် ညပိုင်းက DSI က ထုတ်ပြန်ကြေညာခဲ့ပါတယ်။
လူကုန်ကူးခံရသူတွေဟာ ထိုင်းနိုင်ငံ ဒွန်မောင်းလေဆိပ်ကို ရောက်ရှိလာကြနောက် မဲဆောက်ကို ကားနဲ့ လာပြီး Heng Seng Resort and Casino ကို လူမှောင်ခို ကူးခံရတာဖြစ်ပါတယ်။ သူတို့ရဲ့ စစ်ဆေးမှုမှတ်တမ်းတွေမှာ ပါကစ္စတန်နိုင်ငံသား မစ္စတာ အက်ဒွပ်(နာမည်ရင်းမသိရ)နဲ့ တရုတ်နိုင်ငံသား မစ္စတာ Xia Xiang De တို့က အိန္ဒိယနိုင်ငံသား ၈ ယောက်ကို အဓမ္မ အနိုင်ကျင့် အလုပ်စေခိုင်းပြီး မာရှယ်ကျွန်းနိုင်ငံသားလည်းဖြစ် တရုတ်နိုင်ငံသားလို့လည်း သိရတဲ့ မစ္စတာ Martin Q.Y. Zhang နဲ့ ထိုင်းတွင် Heng Seng Trading Company Limited ကို ပိုင်ဆိုင်ထားသူ ထိုင်းနိုင်ငံသား တစ်ဦးတို့က Heng Seng Resort and Casino ကို ပူးတွဲပိုင်ဆိုင်ထားသူတွေဖြစ်တယ်လို့ ပါရှိပါတယ်။
ထိုင်းနိုင်ငံသားပိုင်ရှင်က အိန္ဒိယသား ၈ ယောက်ကို မြ၀တီကို ပို့ဆောင်ပေးခဲ့ကြောင်းအမှုတွဲမှာ ဖော်ပြထားပါတယ်။ ဒါကြောင့် BGF ခေါင်းဆောင်တွေကို ဒီအမှုတွဲအတွက် ဖမ်း၀ရမ်းထုတ်ဖို့ သက်သေမလုံလောက်ဘဲ နောက်ထပ် သက်သေရရှိရန်လိုအပ်တယ်လို့ DSI က ပြောဆိုထားပါတယ်။
ဖမ်းဝရမ်းနဲ့ပတ်သတ်ပြီး စောချစ်သူက နိုင်ငံတကာသတင်းဌာနတစ်ခုကို လူကုန်ကူးခံရသူတွေက ဘယ်လမ်းကြောင်းက လာလဲဆိုတာကို အဖြေရှာဖို့လိုအပ်ကြောင်း ဖြေကြားပြီးနောက်မှာ DSIရဲ့ ဆုံးဖြတ်ချက် ထုတ်ပြန်လာတာ ဖြစ်ပါတယ်။
ပုံစာ – စောချစ်သူနဲ့ ဗိုလ်မုတ်သုန်
ဓာတ်ပုံ – CJ