စစ်ကောင်စီရဲ့ အကြမ်းဖက်လေကြောင်းတိုက် ခိုက်မှုတွေအတွင်း ကူညီပေးနေတဲ့ တရုတ် အစိုးရပိုင် AviChina ကုမ္ပဏီရဲ့ ရင်းနှီးမြှပ်နှံတာတွေကို ဥရောပ အကြီးဆုံး လေကြောင်း ကုမ္ပဏီ AIRBUSရပ်တန့်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။
AIRBUS က AviChina ကုမ္ပဏီနဲ့ ရင်းနှီး မြုပ်နှံမှုဆိုင်ရာ လက်တွဲဖြုတ်လိုက်တာဟာ မြန်မာ စစ်အုပ်စုအတွက် နိုင်ငံရေး အရ အကြီး အကျယ် ထိခိုက်မှာဖြစ်တယ်လို့ သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှုအဖွဲ့ က ဆိုထားပါတယ်။
ဒါ့အပြင် စစ်အုပ်စုကို လေယာဉ်၊ စစ်လက် နက်ပစ္စည်းတွေနဲ့ နည်းပညာ ထောက်ပံ့ပေးနေတဲ့ အဲ့ဒီ တရုတ် အစိုးရပိုင် ကုမ္ပဏီ AVIC အတွက်လည်း အရှက်ရဖွယ် ထိုးနှက်ချက်တစ်ခု ဖြစ်တဲ့အပြင် စစ်အုပ်စုရဲ့ ကျုးလွန်နေတဲ့ ရာဇဝတ်မှုတွေကို ဂုဏ်သိက္ခာရှိတဲ့ လူ့အသိုင်းအဝိုင်းမက လက်မခံကြောင်း ပြသရာ ရောက်တယ်လို့ဆိုပါတယ်။
စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေ ရပ်တန့်အောင် သွယ်ဝိုက်ပြီးလုပ်ဆောင်ခဲ့တဲ့ AIRBUS လို အခြား နိုင်ငံတကာ ကုမ္ပဏီတွေကလည်း စစ်ရာဇဝတ်မှု ကျူးလွန်နေတဲ့ စစ်အုပ်စုနဲ့ တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ဖြစ်စေ ပတ်သက်ဆက်နွယ် ပံ့ပိုး နေတာတွေကို ချက် ချင်းရပ်တန့်ရမယ်လို့ဆိုထားပါတယ်။
သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှုအဖွဲ့ရဲ့ ပြောရေးဆိုခွင့် ရှိသူ မူလန်က“အကြမ်းဖက် စစ်အုပ်စုဟာ စစ်ရာဇဝတ်မှုတွေ ဆက်လက်ကျူးလွန်နိုင်ဖို့ လိုအပ်တဲ့ ပံ့ပိုးမှုတွေကို တရုတ်အစိုးရပိုင် AVIC, AviChina ကုမ္ပဏီတွေကနေ အဓိက အထောက်အပံ့ ရရှိနေတာဖြစ်တယ်။ AIRBUS ကုမ္ပဏီ အနေနဲ့ စီးပွားရေးနဲ့ လူ့အခွင့်အရေး စံနှုန်းတွေအပေါ် ဆက်လက် ခိုင်မာစွာ ရပ်တည်ဖို့လည်း လိုအပ်ပါတယ်။
လက်ရှိမှာ Airbus ဟာ တရုတ်နိုင်ငံအတွင်းမှာ AVIC နဲ့ ဆက်စပ်နေတဲ့ စီးပွားရေး လုပ်ငန်းတွေမှာ ပူးပေါင်း ဆောက်ရွက်တာတွေရှိနေသေးတဲ့အတွက် Airbus ဟာ သူ့ရဲ့ လုပ်နိုင်စွမ်း ဩဇာအရှိန်အဝါကို သုံးပြီး AVIC ကို မြန်မာစစ်အုပ်စုနဲ့ စီးပွားရေး လုပ်ငန်းတွေ ရပ်တန့်ဖို့ ဆက်လက် ဖိအားပေး လုပ်ဆောင်ရပါမယ်” ဟုပြောပါတယ်။
AIRBUS အနေနဲ့ စစ်အုပ်စုရဲ့ အကြမ်းဖက် စစ်ဆင်ရေး လေကြောင်း တိုက်ခိုက်မှုတွေမှာ အားထားရတဲ့ တရုတ် အစိုးရပိုင် AviChina ကုမ္ပဏီရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ရပ်တန့်လိုက်တာဟာ ပြည်တွင်း၊ ပြည်ပ တော်လှန်လူထု တဦးချင်းစီ နဲ့ အဖွဲ့အစည်းပေါင်း ၃၆၁ ဖွဲ့ရဲ့ AirBus2AirStrikes လှုပ်ရှားမှုရဲ့ အောင်မြင်မှု ရလဒ် တခု ဖြစ်တယ် လို့ဆိုထားပါတယ်။
ဓာတ်ပုံ-Blood Money


