၁၈ မတ်၊၂၀၂၅
ပြင်သစ် လေကြောင်းကုမ္ပဏီကြီး Airbusအနေနဲ့ စစ်အုပ်စုရဲ့ အကြမ်းဖက်လုပ်ရပ်တွေမှာ လောင်စာဖြည့်ပေး နေတာတွေ ချက်ချင်းရပ်ဖို့ လူ့အခွင့်အရေးလှုပ်ရှားမှုအဖွဲ့တစ်ခုဖြစ်တဲ့ Justice For Myanmar (JFM) အဖွဲ့ကတောင်းဆိုလိုက်ပါတယ်။
Airbus ကုမ္ပဏီအနေနဲ့ မြန်မာစစ်အုပ်စုကျူးလွန်နေတဲ့ စစ်ရာဇ၀တ်မှုတွေအပေါ် သူတို့ရဲ့ရင်းနှီး မြှုပ်နှံမှုတွေ ကတစ်ဆင့် ပံ့ပိုးအားပေးနေတာကို တွေ့ရှိနေရကြောင်းနဲ့ အဲဒီလိုလုပ်ငန်းတွေကို နောက်ဆုတ်ရပ်တန့်လိုက်ရုံနဲ့ စစ်အုပ်စုရဲ့ အကြမ်းဖက်လုပ်ရပ် အမြောက်အများကို ဖြတ်တောက်ပစ်နိုင်ပါတယ်လို့ ထောက်ပြပြောဆိုထား ပါတယ်။
လေကြောင်းကုမ္ပဏီကြီး Airbus နဲ့ အနီးကပ်ဆက်ဆံနေတဲ့ တရုတ်ကော်ပိုရေးရှင်း AVIC ဟာ စစ်အုပ်စု ပြည်သူတွေအပေါ် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်မှုတွေမှာသုံးတဲ့ တိုက်လေယာဥ်တွေကို ထောက်ပံ့ပေးနေကြောင်း သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။
၂၀၂၁ ခုနှစ်၊ စစ်အုပ်စုရဲ့ အာဏာသိမ်းကြိုးပမ်းချိန်ကစပြီး လေကြောင်းအကြမ်းဖက် ပစ်ခတ်တိုက်ခိုက် သတ်ဖြတ်မှုတွေကြောင့် ထောင်နဲ့ချီတဲ့ မြန်မာအရပ်သားတွေသေဆုံးခဲ့ရပြီး မရေတွက်နိုင်လောက်တဲ့ ပြည်သူတွေဟာ ဖမ်းဆီး၊ ညှဥ်းပမ်းနှိပ်စက်ခံရတာတွေနဲ့ နေရပ်စွန့်ခွာ ထွက်ပြေးနေရတာတွေ ကြုံတွေ့ နေရတယ်လို့လည်း ဆိုထားပါတယ်။
လက်ရှိအချိန်မှာတော့ လေကြောင်းလုပ်ငန်းဟာ ရုန်းကန်နေရပြီး Airbus အတွက် နောက်ဆုံး လိုအပ်နေ တာကတော့ စစ်ရာဇဝတ်မှုတွေနဲ့ ပတ်သက်နေမှုအပေါ် ပြည်သူလူထုတွေရဲ့ တညီတညွတ်တည်း ပြစ်တင် ရှုတ်ချကြဖို့ ကိုလည်း JFM က တောင်းဆိုထားပါတယ်။
Photo – JFM