၈ နိုဝင်ဘာ၊ ၂၀၂၄
တရုတ်နိုင်ငံ ကူမင်းမြို့မှာ ကျင်းပနေတဲ့ ACMECS ထိပ်သီးအစည်းအဝေးမှာ မြန်မာနိုင်ငံကို အလှည့်ကျဥက္ကဌ အဖြစ် တာဝန်လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
(၁၀) ကြိမ်မြောက် ဧရာဝတီ- ကျောက်ဖရား- မဲခေါင် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု မဟာဗျူဟာ (အက်မက်စ်) ထိပ်သီးအစည်းအဝေး (ACMECS)ကို နိုဝင်ဘာ ၇ ရက် နေ့လည်ပိုင်းမှာ ကျင်းပတာ ဖြစ်ပြီး ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ ထိုင်း၊ လာအိုနိုင်ငံတို့က ဝန်ကြီးချုပ်တွေ တက်ရောက်တာ ဖြစ်ပါတယ်။
ဒီအစည်းအဝေးမတိုင်ခင်မှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ ကမ္ဘောဒီးယားဝန်ကြီးချုပ်၊ လာအိုဝန်ကြီးချုပ်၊ ထိုင်းဝန်ကြီးချုပ်တို့နဲ့ သီးသန့်စီတွေ့ဆုံဆွေးနွေးခဲ့ပါသေးတယ်။
အရင် အလှည့်ကျ ဥက္ကဌ လာအိုဝန်ကြီးချုပ်က စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ACMECS ဥက္ကဌ ရာထူး ပေးအပ်ပြီးနောက်မှာ မင်းအောင်လှိုင်က နောက်တစ်ကြိမ်အစည်းအဝေးကို အိမ်ရှင်အဖြစ် မြန်မာနိုင်ငံက ကျင်းပခွင့်ရဖို့ မျှော်လင့်နေကြောင်း ထည့်သွင်းပြောကြားပါတယ်။
အာဆီယံအဖွဲ့အစည်းကတော့ အာဆီယံဘုံသဘောတူညီမှု ၅ ချက်ကို မလိုက်နာတဲ့အတွက် စစ်ကောင်စီကို အာဏာသိမ်းပြီးကာစ ကာလထဲက ဥက္ကဌနေရာပေးခြင်း၊ အာဆီယံအစည်းအဝေးတွေမှာ စစ်ကောင်စီ ထိပ်သီး အရာရှိအဆင့်တွေ တက်ရောက်ခြင်းတွေ မလုပ်ဖို့ တားမြစ်ထားပါတယ်။ ACMECS အဖွဲ့ဝင် ၅ နိုင်ငံဟာလည်း အာဆီယံအဖွဲ့ဝင်နိုင်ငံတွေပဲ ဖြစ်ပါတယ်။
Photo – VWF